“ဂါဇာဒေသတိုက်ခိုက်မှုများရပ်တန့်ထားရန် အစ္စရေးနိုင်ငံကို သမ္မတဒေါ်နယ်ထရမ့် တိုက်တွန်း”

(နိုင်ငံတကာ) အောက်တိုဘာ ၅

ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရတိုက်ခိုက်မှုများ ရပ်တန့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အစ္စရေးနိုင်ငံကို အောက်တိုဘာလ ၃ ရက်တွင် တိုက်တွန်းထားသည်။

အမေရိကန်အစိုးရက အဆိုပြုထားသည့် အချက်ပေါင်း ၂၀ ပါ ဂါဇာကမ်းမြောင် ငြိမ်းချမ်းရေးအစီအစဉ်ကို ဟားမတ်စ်အုပ်စုက တုံ့ပြန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဂါဇာဒေသစစ်ဆင်ရေးများ ရပ်တန့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးအစိုးရကို တိုက်တွန်းထားခြင်းဖြစ်သည်။

အမေရိကန်အစိုးရက အဆိုပြုထားသော ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ပါ အချက်ပေါင်း ၂၀ အနက် ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့် အချို့အချက်များကို ဟားမတ်စ်အုပ်စုက လက်ခံသဘောတူထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အဆိုအရသိရသည်။

အမေရိကန်အစိုးရ၏ ဂါဇာကမ်းမြောင်ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံခြင်းရှိ၊ မရှိ တုံ့ပြန်ရန် ဟားမတ်စ် အုပ်စုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၅ ရက်ထိ အချိန်ပေးထားသည်။

လက်ရှိအချိန်တွင် ဂါဇာဒေသစစ်ဆင်ရေးများကို လျှော့ချထားရေးအတွက် စစ်ဘက်ကို အစ္စရေးအစိုးရက ညွှန်ကြားထားကြောင်း အစ္စရေးမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဟားမတ်စ်အုပ်စုအနေဖြင့် ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံခြင်းမရှိပါက ဆိုးရွားသည့် အကျိုးဆက်များ ကြုံရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။

#PAN