(ပြည်တွင်း) အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောက်မဲ မြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ဒေသခံ ပြည်သူလူထုနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဥပဒေရုံး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ဆန်အိတ် ၁,၀၀၀၊ ဆီ ၁,၀၀၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာ၊ ဆား ၅၀၀ ပိဿာ၊ Family Kits ၆၇ ပုံးတို့နှင့်အတူ ရောက်ရှိလာခဲ့ကြပါတယ်။
ရောက်ရှိလာသော စားသောက်ကုန်နှင့် အသုံးအဆောင်များကို ဒေသခံပြည်သူများထံ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။
ကျောက်မဲမြို့သို့ ရောက်ရှိလာသော ဒေသခံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်းနှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် စာသင်ကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် မြို့ပေါ်နှင့် ပတ်ဝန်းကျင်နေရာများကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
#PAN