စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်

(ပြည်တွင်း) အောက်တိုဘာ ၄

မြန်မာနိုင်ငံတွင် စက်မှုဇုန် ၂၈ ခု၊ စက်မှုရပ်ကွက် ၅ ခုနှင့် တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်း ၂ ခုရှိသည့်အတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်၌ကျင်းပသည့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၅)တွင် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ကို အကောင်အထည်ဖော်ရာတွင် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း အဓိကပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝပြီး ငယ်ရွယ်နုပျိုသည့် လူသား အရင်းအမြစ်များရှိကြောင်း၊ ရေမြေသဘာဝကောင်းမွန်၍ ကျယ်ဝန်းသည့် စိုက်ပျိုးမြေများလည်းရှိသည့်အတွက် အစဉ်အဆက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြကာ နိုင်ငံ၏စားရေရိက္ခာကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ယနေ့ ကမ္ဘာကြီးတွင် စီးပွားရေးပုံစံများ လျင်မြန်စွာတိုးတက် ပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်း ထုတ်လုပ်သည့်အဆင့်သို့ တက်လှမ်းနိုင်ရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုတိုးမြှင့်ခြင်းကို အထောက်အကူပြုမည့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ဈေးကွက် ချိတ်ဆက်မှုများကို ဖန်တီးပေးရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတော်၏ ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်သောကြောင့် အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များ စနစ်တကျဖော်ဆောင်နိုင်ရေးအပြင် တည်ထောင်ပြီးစက်မှုဇုန်များကိုလည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တည်ဆောက်ပြီး စက်မှုဇုန်များအား နည်းဥပဒေများနှင့်အညီ စက်မှုဇုန်အဆင့်အတန်းများ စစ်ဆေးရာတွင် အမှတ်ပေးစည်းမျဉ်း သတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးရာ၌ အဆင့်အတန်း သတ်မှတ်ချက်များအရ အားနည်းသည့်စက်မှုဇုန် များအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အဆင့်မြင့်စက်မှုဇုန်များ ဖြစ်ပေါ် လာစေရေး တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။