
(ပြည်တွင်း) အောက်တိုဘာ ၄
ဂျုံသီးနှံစိုက်တောင်သူများအတွက် ဂျုံတစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀ နှုန်း စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားရှိပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ ၂၃ မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိပါတယ်။
နိုင်ငံတော်က ဂျုံသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၂၅ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ ဂျုံသီးနှံချေးငွေအား တစ်ဧကချေးငွေကျပ် ၁၅၀,၀၀၀ နှုန်း၊ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဂျုံသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများကို ဆက်သွယ်နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။