–
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PAN မီဒီယာမေးမြန်းချက်များအား ဖြေကြားပေးခြင်း
အမေး –
၁။ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီနေမှုကို ဒေသခံတွေက လူမှုကွန်ယက်တွေကနေ မျှဝေထားမှုတွေအရ ကန်အတွင်း ကုန်းမြေတွေများပြားလာတဲ့အပြင် ရေပြင်တိမ်ကောခန်းခြောက်တာတွေကိုလည်း တွေ့ရပါတယ်။ အကြောင်းအရင်း ဘာကြောင့်ပါလဲ။
အဖြေ –
အဓိကအားဖြင့် ကုန်းမြေတွေများလာတယ်လို့ဆိုရာတွင် အင်းလေးကန် ပတ်ဝန်းကျင်ရှိချောင်းများမှ သဲနုန်းပို့ချမှုများပြားခြင်းနှင့် ၎င်းချောင်းများ၏ ရေဆင်းဧရိယာများတွင်လည်းနုန်းပို့ချမှု များပြားစေသော ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ခြင်းများသည်လည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။
ထို့ပြင် ဒေသခံပြည်သူများ ပြောပြချက်အရ ရှေးယခင်ကအင်းလေးကန်အတွင်း ဆက်သွယ်သွားလာရာတွင် ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုခဲ့ကြရာမှယခုအခါ အင်းလေးကန်အတွင်း နေထိုင်ကြသော ရွာများက လူနေမှုပုံစံပြောင်းလဲမှုနှင့်အတူရေလမ်းသာမက ကုန်းလမ်းကိုပါ သွားလာနိုင်အောင် တာပေါင်များဖို့ပြီး ကားလမ်းအဖြစ်အသုံးပြုခြင်း၊ တံတားများဆောက်လုပ်ခြင်း တို့ကို ပြုလုပ်လာကြပါသည်။
ကားလမ်းတာပေါင်များဖြစ်ပေါ်လာသည့်အတွက် အင်းလေးကန်အတွင်း ကုန်းမြေများပြား လာသည်ဟုအများပြည်သူများ ပြောဆိုနေကြခြင်းဖြစ်ပါသည်။
အင်းလေးကန်အတွင်းရှိ ဒေသခံပြည်သူများသည် ကျွန်းမျောရိုင်းများအား ပြုပြင်၍ ရေခြံစိုက်ပျိုးကြပါသည်။
လူဦးရေထူထပ်လာ၍ အင်းထဲတွင်အခြေချနေထိုင်သူဦးရေများပြားလာမှုနှင့် ကျွန်းမျော(ရေခြံ) စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလာမှု၊ ယခင်ကရေထဲတွင် ခြေတံရှည်အိမ်များဆောက်လုပ်နေထိုင်ခဲ့ကြရာမှ ယခုအခါ မိမိတို့အိမ်ဝန်းနေရာကို ကုန်းဖြစ်အောင်မြေဖို့၍ အခိုင်အမာအိမ်ဆောက်နေထိုင်မှုများ တိုးပွားလာခြင်းတို့ကြောင့်လည်း အင်းလေးကန်အတွင်းကုန်းမြေများပြားလာခြင်း ဖြစ်ပါသည်။

အမေး –
၂။ အင်းလေးကန်ကြီး ယိုယွင်းပျက်စီးမှုမရှိစေရေးအတွက် နိုင်ငံတော် အစိုးရက ဘယ်လိုစီမံဆောင်ရွက်နေပါသလဲ သိလိုပါတယ်။
အဖြေ –
နိုင်ငံတော်အစိုးရသည် ၁၉၈၅ခုနှစ်တွင် ဥပဒေပြဌာန်းချက်ဖြင့် ဧရိယာ(၂၄၈)စတုရန်းမိုင်ကျယ်ဝန်းသော “အင်းလေးကန် သားငှက်တိရစ္ဆာန် ဘေးမဲ့တော” အဖြစ် တည်ထောင်ခဲ့ပြီး ၁၉၉၂ခုနှစ်တွင် အင်းလေးကန်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် မူဝါဒများ ပြဌာန်း၍ သက်ဆိုင်ရာဌာနအသီးသီးအား ဆောင်ရွက်စေခဲ့ပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရသည် အင်းလေးကန်မတိမ်ကောစေရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရေဝေရေလဲဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း အကောင်အထည်ဖော်နိုင်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့်၊ ဒေသအဆင့် ကော်မတီများကို အခါအားလျော်စွာ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်စေလျက်ရှိပါသည်။
၂၀၁၀ပြည့်နှစ်၊စက်တင်ဘာလတွင် “အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေးကော်မတီ” ကို သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးမှ ဥက္ကဌအဖြစ်ဆောင်ရွက်၍ အမျိုးသားအဆင့် ဖွဲ့စည်းခဲ့ပါသည်။
၂၀၁၅ ခုနှစ် မတ်လတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာမှ အင်းလေးကန်ဆယ်ယူရေးနှင့် ထိန်းသိမ်းရေး ရေရှည်စီမံချက်ကို ရေးဆွဲထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် အင်းလေးကန်ထိန်းသိမ်းရေး ထိရောက်စွာဆောင်ရွက်နိုင်ရန် “အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း လမ်းညွှန်ကြီးကြပ်မှုကော်မတီ”ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ်ပါဝင် ဖွဲ့စည်းခဲ့ပါသည်။
အင်းလေးကန်ထိန်းသိမ်းရေးကို ကော်မတီအသီးသီး၊ ဌာန/အဖွဲ့အစည်းအသီးသီးကသက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အင်းလေးကန်အား ကျဉ်းမြောင်းတိမ်ကောစေခဲ့သော ကန်၏ပင်မရေဝပ်ဧရိယာအတွင်း တင်ပို့နေသည့် သဲနုန်းများ တူးဖော်ဆယ်ယူဖယ်ရှားခြင်း၊ ကျွန်းမျောအရိုင်းများ၊မှော်ပင်များ၊ ဗေဒါပင်များအား တူးဖော်ဖယ်ရှားခြင်းလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများကို အောက်ဖော်ပြပါဆောင်ရွက်လျက်ရှိပါသည်-
လုပ်ငန်းစဉ်(၈)ခုဖြင့် နှစ်စဉ်
(က) အင်းလေးကန်အတွင်း စီးဝင်သောချောင်းများ၏ ရေစီးရေလာ၊ သဲနုန်းတိုက်စားခံရမှု အခြေအနေတို့အားသိရှိနိုင်ရန် စူးစမ်းလေ့လာတိုင်းတာခြင်း၊
(ခ) အင်းလေးကန်အတွင်း စီးဝင်သောချောင်းများတွင် သဲနုန်းတိုက်စားမှု သက်သာစေရန်နှင့် ကန်အတွင်း သဲနုန်းပို့ကျမှု သက်သာစေရန် စူးစမ်းလေ့လာမှုများအရ လိုအပ်သောနေရာများတွင် နုန်းထိန်းတမံနှင့် နုန်းဖမ်းဆည်များတည်ဆောက်ခြင်း၊
(ဂ) တည်ဆောက်ပြီး နုန်းထိန်းတမံနှင့် နုန်းဖမ်းဆည်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဃ) အင်းလေးကန်အတွင်းသို့ စီးဝင်သောချောင်းများ၊ အင်းလေးကန်၏ ရေဝေရေလဲဧရိယာအတွင်း နုန်းစစ်ကန်များသဖွယ်တည်ရှိနေသည့် ကန်များနှင့်အင်းလေးကန်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(င) အဓိက ရေလမ်းကြောင်း တစ်လျှောက် ရေလမ်းအမှတ်အသားနှင့်နယ်နိမိတ် မှတ်တိုင်များ ပြုလုပ်ခြင်းလုပ်ငန်း၊
(စ) အင်းရေပြင်တွင် ထူထပ်စွာပေါက်ရောက်လျက်ရှိသော ရေမှော်ပင်နှင့် ဗေဒါပင်များအား ရှင်းလင်းခြင်း၊
(ဆ) အင်းလေးကန်အတွင်း သဘာဝအလျောက် ဖြစ်တည်နေသည့် ကျွန်းမျောရိုင်းအပိုင်းအစများ၊ ရေခြံကျွန်းမျောစိုက်ခင်းများမှ စွန့်ပစ်ကျွန်းမျောရိုင်းအပိုင်းအစများ ရှင်းလင်းခြင်း၊
(ဇ) အင်းလေးကန် ရေရှည်တည်တံ့ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ရွှေ့ပြောင်းခြင်း၊ စက်ကိရိယာများပြုပြင် မွမ်းမံဆောင်ရွက်ခြင်း။

အမေး –
၄။ အင်းလေးကန်ရဲ့ဧရိယာမှာ ရေပြင်ပမာဏနဲ့ ကုန်းမြေပမာဏကိုသီးခြားတိုင်းတာထားတာရှိပါသလား။ ရှိတယ်ဆိုရင် ကုန်းမြေဖြစ်ထွန်း လာတဲ့ ပမာဏဘယ်လောက်ရှိလာပါပြီလဲ။
အဖြေ –
(၂၀၀၇) ခုနှစ် ဧပြီလအတွင်း မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ အင်းလေးကန် ဘေးမဲ့ တောအုပ်ချုပ်ရေးမှူးရုံး၊ပတ်ဝန်းကျင်သားငှက်ထိန်းသိမ်းရေးဌာနတို့နှင့်အတူ . ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာခဲ့ပါသည်။
တိုင်းတာချက်များအရ အင်းလေးကန်၏ကန်ရေပြင်ကျယ် ဧရိယာသည် မူလက(၁၀၄) စတုရန်းမိုင် အထိကျယ်ဝန်းခဲ့ရာမှ လက်ရှိနယ်နိမိတ်ဧရိယာသည် (၆၃) စတုရန်းမိုင်သာ တည်ရှိကြောင်း စိစစ်တွေ့ရှိရပြီး အင်းရေပြင်ဧရိယာသည်(၂၄)ဧက၊ ကျွန်းမျောရိုင်းဧရိယာ (၁၃)ဧက၊ ကျွန်းမျောစိုက်ခင်း ဧရိယာ (၁၅)ဧက၊ လူနေဧရိယာ(၃)ဧကနှင့် စိုက်ပျိုးမြေ(၈)ဧကဖြစ်ပါသည်။
ရေပြင်ပမာဏနှင့် ကုန်းမြေပမာဏဟုဆိုရာတွင်သဘောတရားအရ ကန်အတွင်းရှိရေများသည် အစဉ်သဖြင့် ရေမှတ်အတက်အကျရှိနေပြီးရေများသည့်ကာလတွင် ကန်ရေပြင် မြင့်တက်မှုကြောင့် ရေပြင်ပမာဏ ပိုမိုကျယ်ပြန့်ပြီးရေနည်းသောနွေရာသီအချိန်ကာလတွင် ကုန်းမြေပမာဏသည် ရေပြင်ပမာဏထက်များပြားပါသည်။
ရေပြင်ပမာဏ နဲ့ ကုန်းမြေပမာဏ တို့သည် ကန်အတွင်းသို့ ဝင်ရောက်သည့်ရေပမာဏအလိုက်ရေမျက်နှာပြင်အနိမ့်အမြင့်ပေါ်မူတည်၍ ပမာဏအပြောင်းအလဲဖြစ်ပေါ်နေခြင်းဖြစ်၍ ရေပြင်ပမာဏနဲ့ ကုန်းမြေပမာဏကို သီးခြားတိုင်းတာ၍ မရနိုင်ကြောင်း တင်ပြအပ်ပါသည်။

မေး –
၃။ သစ်တောတွေပျက်စီးမှုကြောင့် ကန်အတွင်းနှုန်းပို့ချမှုအလွန်များပြားလို့ ကုန်းမြေပမာဏများပြားလာတာလို့ သိရပါတယ်။ ပျက်စီးနေတဲ့သစ်တောတွေကို ဘယ်လိုကာကွယ်နေပါသလဲ။ပြန်လည်စိုက်ပျိုးမှုတွေရော လုပ်နေပါသလား။
၅။ ကန်အတွင်းရေလျော့နည်းခမ်းခြောက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် ထိခိုက်နိုင်တာကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အင်းလေးကန်ထိန်းသိမ်းရေးကိုဘယ်လို ဆောင်ရွက်နေပါသလဲ။
အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝအခြေအနေများပြန်လည် ကောင်းမွန်လာစေရေးတို့အတွက် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အောက်ဖော်ပြပါလုပ်ငန်း (၂)မျိုးဖြင့်ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပါသည်။
(၁) တောရိုင်းတိရစ္ဆာန်များအတွက်နေရင်းဒေသများပြန်လည်တည်ထောင်ခြင်းအစီအစဉ်(RNH)
(၂၀၁၉-၂၀၂၀ မှ၂၀၂၈-၂၀၂၉ထိ) (၁၀)နှစ် စီမံကိန်းလုပ်ငန်း
(၂) အင်းလေးကန်ရေဝေရေလဲဒေသထိန်းသိမ်းရေးစီးမံကိန်း (၂၀၂၀-၂၀၂၁ မှ ၂၀၃၀-၂၀၃၁)အထိ (၁ဝ)နှစ် စီမံကိန်းတွင် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ခေါင်းစဉ်အောက်မှ ပါဝင်သည့်လုပ်ငန်းများကို နှစ်အလိုက်လျာထားချက်များအတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများပြန်လည်တည်ထောင်ခြင်းအစီအစဉ် (RNH)မှ (၂၀၁၉-၂၀၂၀ မှ၂၀၂၈-၂၀၂၉ထိ) (၁၀)နှစ် စီမံကိန်းလုပ်ငန်းတွင် ထိန်းသိမ်းရေးလုပ်ငန်းများအနေဖြင့်
(က) ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း(သစ်တောသစ်ပင်နှင့်တိရစ္ဆာန်စားသုံးပင်) (၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးခြင်း)(၂၀)ဧကကို (အော်ရီရှား၊ ရေသင်းဝင်၊ မာတာကွတ်၊ ကုက္ကိုပင်၊အာဖဂန်ကျူးလစ်) အပင်(၁၄၀၀)အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ဆီဆုံကျေးရွာအနီး စိုက်ပျိုးပြီးဖြစ်ပါသည်။
(ခ) ကင်းလည့်ထိန်းသိမ်းရေးလုပ်ငန်းကို လစဉ်တစ်လလျှင်(၅၀)ယူနစ်နှုန်းဖြင့် တစ်နှစ်လျှင်(၆၀၀)ယူနစ် နှစ်စဉ်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဂ) အင်းလေးကန်၏ ရေပြင်အခြေအနေနှင့် ရေအတိမ်အနက် အတိုးအလျော့အခြေအနေနှင့် ရေအရည်အသွေးအခြေအနေများ သိရှိစေရန် ကန်ရေပြင်အတိမ်အနက်နှင့်ရေအရည်အသွေးတိုင်းတာခြင်းကို တစ်လလျှင်(၂)ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင်(၂၄) ကြိမ်အား နှစ်စဉ်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဃ) ငှက်စားကျက်နှင့်ငှက်သားပေါက်ဧရိယာများကာကွယ်ခြင်းလုပ်ငန်းကို လုပ်ငန်းလျာထားသည့်နှစ်အလိုက် (၂၇)ဧက ဆောင်ရွက်ပြီးစီးခြင်း၊
(င) ငါးမျိုးပွားရေးဇုံနှင့်ငါးသားပေါက်ဧရိယာများကာကွယ်ခြင်းလုပ်ငန်းကို လုပ်ငန်းလျာထားသည့် နှစ်အလိုက် (၁၅)ဧကဆောင်ရွက်ပြီးစီးခြင်း၊
(စ) ဒေသခံနှင့်ကျောင်းသူကျောင်းသားများအား ပညာပေးဟောပြောခြင်းအနေဖြင့်တစ်လလျှင်(၂)ကြိမ်နှုန်းဖြင့် နှစ်စဉ်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဆ) လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်းကို လုပ်ငန်းလျာထားသည့် နှစ်အလိုက်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဇ) ငှက်မျိုးစိတ်များစာရင်းကောက်ယူခြင်းကို တစ်လလျှင်(၄)ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင်(၄၈)ကြိမ်အား နှစ်စဉ်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဈ) ငါးမျိုးစိတ်များစာရင်းကောက်ယူခြင်းကို တစ်နှစ်လျှင် (၁၂)ကြိမ်နှုန်းဖြင့် နှစ်စဉ်ဆောင်ရွက်လျှက်ရှိခြင်း၊
(ည) အပင်မျိုးစိတ်များစာရင်းကောက်ယူခြင်း၊ အင်းဆက်နှင့် ကုန်းနေရေနေတွားသွားသတ္တဝါမျိုးစိတ်များစာရင်းကောက်ယူခြင်းကို လုပ်ငန်းလျာထားသည့် နှစ်အလိုက်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဋ ) အင်းလေးကန်ဘေးမဲ့တောအတွင်းရှိ သဘာဝရေထွက်စမ်းများကာကွယ်ခြင်းကို ကျန်တောအင်းရေထွက်စမ်း၊ ပြင်လိမ်ရေထွက်စမ်းနှင့် တုံးလည်ရေထွက်စမ်းများအား ကာကွယ်ခြင်းနှင့် ရေထွက်စမ်းများတိုင်းတာခြင်းကို လုပ်ငန်းလျာထားသည့်နှစ်အလိုက်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဌ)ဘေးမဲ့တောထိန်းသိမ်းရေးနယ်မြေအတွင်းနှင့် ဆက်စပ်ဒေသများ အင်းလေးကန်၏ ပတ်ဝန်းကျင်ရှိ ရေဝေရေလဲဒေသများသို့ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးပေးခြင်းကို လုပ်ငန်းလျာထားသည့် နှစ်အလိုက်ဆောင်ရွက်လျှက်ရှိခြင်း၊
(ဍ) ဒေသခံနှင့် ဝန်ထမ်းများအား အခြေခံငှက်ကြည့်သင်တန်းများပို့ချခြင်းနှင့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်သင်တန်းများပြုလုပ်ခြင်း၊
အင်းလေးကန်ရေဝေရေလဲဒေသထိန်းသိမ်းရေးစီးမံကိန်း(၂၀၂၀-၂၀၂၁မှ၂၀၃၀-၂၀၃၁) အထိ(၁၀)နှစ်စီမံကိန်းကို အောက်ပါလုပ်ငန်းစဉ်(၆)ရပ်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
(၁) ရေဝေရေလဲဂေဟစနစ်များရေရှည်တည်တံ့စေခြင်း
(၂) သစ်ပင်စိုက်ပျိုးခြင်း
(၃) ရေနှင့်မြေဆီလွှာများကာကွယ်ထိန်းသိမ်းခြင်း
(၄) တိုးချဲ့ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း
(၅) သားငှက်တိရစ္ဆာန်များကာကွယ်ထိန်းသိမ်းခြင်း
(၆) သုတေသနပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာအင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအနေဖြင့် သားငှက်တိရစ္ဆာန်များကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ပဒုမ္မာကြာစိုက်ပျိုးခြင်းကို(၂၀၂၁-၂၀၂၂)မှ (၂၀၂၄-၂၀၂၅)အထိ (၆)ဧကကို လုပ်ငန်းလျာထားသည့်နှစ်အလိုက် ဆောင်ရွက်ပြီးစီးခြင်း၊ ငှက်စားကျက်နှင့်ငါးမျိုးပွါးရေးဇုံများကာကွယ်ခြင်း၊ ပညာပေး၊ အသိပေးနှင့်သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် ဒေသခံများအားငှက်ကြည့်ခြင်းဧည့်လမ်းညွှန်သင်တန်းကျင်းပခြင်းတို့ကိုလုပ်ငန်းလျာထားသည့်နှစ်အလိုက်ဆောင်ရွက်လျှက်ရှိပါသည်။
ဓာတ်ပုံညွှန်း -အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးလှူဒါန်းခြင်းမှ
#PAN