ရုရှားက ယူကရိန်းနှင့် အကျဉ်းသားများထပ်မံလဲလှယ် တစ်ဖက်လျှင် စစ်သည် ၁၈၅ ဦးစီပါဝင်

(နိုင်ငံတကာ) အောက်တိုဘာ ၃

ရုရှားနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့ကြား အကျဉ်းသားလဲလှယ်မှု ထပ်မံလုပ်ဆောင်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန က အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါအကျဉ်းသားလဲလှယ်မှုတွင် တစ်ဖက်လျှင် စစ်သည် ၁၈၅ ဦးစီပါဝင်ကြောင်းနှင့် ယူကရိန်းဘက်က အရပ်သားအယောက် ၂၀ ကိုပါ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လက်ရှိတွင် စစ်သည်များနှင့် အရပ်သားများအားလုံး သည် ဘယ်လာရုစ်နိုင်ငံ၌ ဆေးစစ်မှုကို ခံယူနေကြောင်းသိရသည်။

အဆိုပါနှစ်နိုင်ငံမှ တာဝန်ရှိသူများက အစ္စတန် ဘူလ်မြို့၌ ဇူလိုင်လ ၂၃ ရက်တွင် ရရှိခဲ့သော သဘောတူညီချက်များနှင့်အညီ ယခုကဲ့သို့ အကျဉ်းသားလဲလှယ်မှုများ ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများကပြောသည်။

ယခုနှစ်အတွင်း ရုရှားနှင့်ယူကရိန်းနိုင်ငံတို့မှ တာဝန်ရှိသူများသည် တူကီယဲနိုင်ငံ၊အစ္စတန်ဘူလ်မြို့၌ သုံးကြိမ် တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် နှစ်နိုင်ငံကြား အကျဉ်းသားလဲလှယ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ထားသည်။

အဆိုပါသဘောတူညီချက်အရ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် စစ်မြေပြင်၌ သေဆုံးသူများ ၏ရုပ်အလောင်းများကိုပါ လဲလှယ်မှုလုပ်ဆောင်ထားကြောင်း၊ မကြာသေးမီကဆောင်ရွက်သည့် သေဆုံးသူများ၏ ရုပ်အလောင်းများ နောက်ဆုံးလဲလှယ်မှုတွင် ကျဆုံးယူကရိန်းစစ်သည် ၁,၀၀၀ ၏ရုပ်အလောင်းများကို ရုရှားက ပြန်ပေးနိုင်ခဲ့ပြီး ယူကရိန်းဘက်က ကျဆုံးရုရှားစစ်သည် ၂၄ ဦး၏အလောင်းကိုသာ ပြန်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ အကျဉ်းသားများနှင့် ရုပ်အလောင်းများလဲလှယ်မှုက နှစ်နိုင်ငံကြား အပြုသဘောဆောင်ကြောင်း ရုရှားအစိုးရက ပြောသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN