ပုလင်းအခွံ့ကောက်ရင်းမြစ်ထဲပြုတ်ကျတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားကကယ်ဆယ်နိုင်ခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်အတွင်းက မဲ့ကလောင်မြစ်အတွင်းကို ပုလင်းအခွံ့ကောက်ရင်းပြုတ်ကျသွားတဲ့ ထိုင်းအမျိုးသမီးကို မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတစ်ဦးက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးဟာ အောက်တိုဘာ ၁ ရက်နေ့ ည ၁၀ နာရီခန့်က မဲ့ကလောင်မြစ်အတွင်းကိုပြုတ်ကျခဲ့တာဖြစ်ပြီး ငါးဖမ်းလှေကြိုးကို တွယ်ကပ်ကာ မြစ်အတွင်း ၄ နာရီနီးပါ မျောပါနေတာဖြစ်တယ်လို့ အဲ့ဒီသတင်းတွေက ဆိုပါတယ်။

အဆိုပါအမျိုးသမီးဟာ မြစ်အတွင်းကနေ အော်ဟစ်အကူအညီတောင်းနေပေမယ့် အနီးအနားကဖြတ်သန်းသွားလာနေတဲ့ ငါးဖမ်းလှေတွေက သတိမထားမိတာကြောင့် မြစ်အတွင်းမှာ ၄ နာရီကြာမျောပါနေခဲ့တာလို့ သိရပါတယ်။

“သူက မြစ်ထဲကနေ ကယ်တင်ပေးဖို့အော်နေတာ ကျွန်တော်တို့က သူရဲခြောက်တာထင်လို့ သွားမကြည့်ဘူးနောက်မှမသင်ကာလို့သွားကြည့်မှာ အဲ့ဒီအမျိုးသမီးဖြစ်နေတာ အဲ့ဒါနဲ့ သူငယ်ချင်းတွေပြီးကယ်လိုက်တာလို့” မြန်မာလုပ်သားက ထိုင်းသတင်းတစ်ရပ်ကို ပြောဆိုထားပါတယ်။

၃၄ နှစ်အရွယ်ရှိတဲ့ မြန်မာအမျိုးသားဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ မဲ့ကလောင်မြစ်ကမ်းဘေးမှာ အလုပ်လုပ်နေရာနေ ကူညီပေးဖို့တောင်ဆိုသံကြောင့် ထိုင်းအမျိုးသမီးကို လှေငယ်တစ်စီးနဲ့ ကယ်ဆယ် နိုင်ပြီး ကယ်ဆယ်ချိန်မှာ ပြုတ်ကျတဲ့ နေရာကနေ သုံးကီလိုမီတာအကွာအထိ မျောပါခဲ့ပြီလို့ လည်း သိရပါတယ်။