ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်ခဲ့

(ပြည်တွင်း) စက်တင်ဘာ ၂၈

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခရီးသွား နေ့အထိမ်းအမှတ်အခမ်းအနားတွင် တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် က ခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ တီထွင် ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးရမည်ဖြစ်ကာ ခရီးသွားများစိတ်ဝင်စားသည့် ထုတ်ကုန်များကိုချဲ့ထွင်၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အစိတ်အပိုင်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း ပြောသည်။

ဆက်လက်ပြီး နိုင်ငံတော်အနေနဲ့လည်း မြန်မာနိုင်ငံ ကို နိုင်ငံတကာကခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာတွေကို ဖြေလျော့ပေးနေပါတယ်။

နိုင်ငံတကာ မှာကျင်းပတဲ့ ခရီးသွားပြပွဲတွေမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းတွေ ပါဝင်ပြသတာ၊ ရင်းနှီး ကျွမ်းဝင်မှုခရီးစဉ်ဆောင်ရွက်တာတွေအပြင် ဒီဂျစ်တယ်နည်းပညာသုံးခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ လူမှုစီးပွားဘဝကိုဖွံ့ဖြိုးတိုးတက်စေပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကမ္ဘာကြီးကိုတည်ဆောက်ရန် တိုးတက် ပြောင်းလဲ ခြင်းများကို ဖော်ဆောင်ပေးနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ခရီးသွားလုပ်ငန်းသည် စီးပွားရေးကဏ္ဍတစ်ခု သာမက ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များကိုပါ ဖန်တီးပေးလျက်ရှိတာကြောင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သည့်အကျိုးဆက်များရရှိအောင် ဆက်လက်ထိန်းသိမ်းပေးရန် လိုအပ်ပြီး နိုင်ငံတကာအဆင့်အတန်းမှီသည့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ်လေ့လာ သင်ယူနေကြရမည်ဟု နိုင်ငံတော်ဝန် ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့ပါတယ်။

#PAN