(နိုင်ငံတကာ) စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကြားရှိ နယ်စပ်ဒေသ၌ စက်တင်ဘာလ ၂၇ ရက်တွင် စိန်ပြောင်းနှင့် သေနတ်ပစ်ခတ်သံများကြားရကြောင်းနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲအပြစ်တင်မှုများ လုပ်ဆောင်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ပရီယာဗီဟီယာပြည်နယ်ရှိ စစ်စခန်းတစ်ခုကို ထိုင်းတပ်မတော်က စိန်ပြောင်း များဖြင့်ပစ်ခတ်မှုလုပ်ကြောင်း ကမ္ဘောဒီးယားဘက် က ထုတ်ပြန် ထားသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယား စစ်သည်များသည် ထိုင်းနိုင်ငံရှိစစ်စခန်းနေရာများကို လက်နက်ငယ်များ၊ ဗုံးပစ်လာသောကြောင့် ထိုင်းစစ်သည်များက တင်းကျပ်သော လုပ်ထုံးလုပ်နည်းများအရ လိုအပ်သလောက်သာ တုံ့ပြန်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထိုင်းတပ်မတော် ဘက်က ထုတ်ပြန်သည်။
သို့သော် ထိုင်းတပ်ဖွဲ့များက နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် အန်ဆီနယ်မြေအတွင်းရှိ ကမ္ဘောဒီးယား စစ်စခန်း တစ်ခုကို စိန်ပြောင်း ဗုံးသီးများစွာ၊ လက်နက်ငယ်များစွာ အသုံးပြုပစ်ခတ်မှုများလုပ်ဆောင်ခြင်းအားဖြင့် တိုက်ခိုက်မှု ကို စတင်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘောဒီးယားတပ်မတော် က ထိုအခြေအနေကို ဂရုတစိုက်ဖြင့် အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မယ်လီဆိုချီတာ က ပြောသည်။
ထို့အတူ မွန်းတည့် ၁၂ နာရီနှင့်မွန်းလွဲ ၁၂ နာရီခွဲကြားတွင် ကမ္ဘောဒီးယားစစ်သည်များက ဥဘွန်ရက်ချာထာနီပြည်နယ်ရှိ ချောင်အန်မာဒေသ ၌ အခြေစိုက်သော ထိုင်းစစ်စခန်းများကို လက်နက်ငယ်များ၊ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်လာသည်ဟု အမှတ်(၂)စစ်ဒေသထံမှ သတင်းပေးပို့လာသည်ဟု ထိုင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဝါရီး က ပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။