
(ပြည်တွင်း) စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်တွင် တည်ဆောက်နေသည့် အနုပညာဗဟိုဌာန (Myanmar Art Center – Yangon)ကို ငလျင်ပြင်းအားရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးစဉ်မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အနုပညာဗဟိုဌာန (Myanmar Art Center – Yangon)ကို Myanmar Land and Development Limited ဆောက်လုပ်ရေးကုမ္ပဏီကတာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး တည်ဆောက် ရေးလုပ်ငန်း အဆင့်တိုင်းဆောင်ရွက်ရာ၌ စံချိန်စံညွှန်းမီအောင်ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ သုံးစွဲရေး၊ Structure တွင်ပါဝင်တဲ့ အဆင့်တိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC Team) က အလေးထားစစ်ဆေးသွားရေး၊ QC Report တင်ပြပေးရေး၊ လိုက်နာဆောင်ရွက်မှု မှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ပေးရေး၊ ငလျင်ရစ်(ခ်)တာ စကေး ၈ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရေးတို့ကို ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရေဂါလန် ၃၀,၀၀၀ ဆံ့ Ground Tank ၂ လုံးတည်ဆောက် ပြီးစီးမှုကို လည်းကောင်း၊ ၈ လက်မ Tube Well တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ Steel Structure သန့်ရှင်းရေးနှင့် ဆီဆေးသုတ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ RC Wall နံရံများ အချောကိုင်ခြင်း၊ ရေလုံဆေးသုတ်ခြင်းလုပ်ငန်းများ ၏ ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
အနုပညာဗဟိုဌာန (Myanmar Art Center- Yangon) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအနုပညာဗဟိုဌာန တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာ ကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာ နှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေး ဟောပြောမှု များကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ် အသီးသီး မှ မြန်မာအနုပညာရှင်လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကောင်းများရရှိစေမှာဖြစ်ကြောင်း သိရပါတယ်။