
(နိုင်ငံတကာ) စက်တင်ဘာ ၂၃
ဘရာဇီး၊ တရုတ်၊ ပြင်သစ်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ တောင်အာဖရိကနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက စက်တင်ဘာလ ၂၁ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှု အခိုင်အမာစောင့်ထိန်းရေး အဆင့်မြင့်ကမ္ဘာ့အစည်းအဝေးကို အတူတကွ ကြီးမှူး ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးကို ပြင်ဆင်ရန်အတွက် နိုင်ငံအားလုံးအနေဖြင့် မိမိနိုင်ငံမှစတင်ကာ အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ဖော်ဆောင်ရန်၊ လုံလောက်သောအရင်းအမြစ်များကို တရားဝင် ခွဲဝေထည့်သွင်းပေးပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအား လေးစားလိုက်နာမှုကို သေချာစေရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ စစ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များအား အပြည့်အဝမွမ်းမံလေ့ကျင့်မှု၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ အမျိုးသားကော်မတီအတွက် အခွင့်အာဏာပေးအပ်ခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် နိုင်ငံဥပဒေပြုရေးနှင့် ပဋိပက္ခကိုင်တွယ်စီမံမှု ပြင်ဆင်ရေးတွင် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ထည့်သွင်းပေါင်းစည်းရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ “အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ နိုင်ငံရေးကတိကဝတ်များနှိုးဆော်ရေး ကမ္ဘာလုံး ဆိုင်ရာအစီအမံ” (ကမ္ဘာလုံးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ အစီအမံ) တွင် တရားဝင်ပါဝင်၍ တက်ကြွစွာပါဝင်ဆွေးနွေးခြင်းအပြင် အခြားနိုင်ငံများပါဝင်လာအောင် အားပေးရမည် ဖြစ်ကြောင်း ကြေညာချက်က တိုက်တွန်းထားသည်။
အဆိုပါနိုင်ငံ ၆ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသည် လွန်ခဲ့သည့်တစ်နှစ်က “ကမ္ဘာလုံး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ အစီအမံ” ကို စတင်ခဲ့ပြီး မျက်မှောက်ကမ္ဘာ၌ ကြုံတွေ့နေရသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်သည့် ခေတ်ရေစီးကြောင်း ပြောင်းပြန်စီးဆင်းမှုအား တားဆီးရန် သန္နိဋ္ဌာန်ချခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းအစီအမံသည် ကမ္ဘာတစ်ဝန်း ပဋိပက္ခအလုံးစုံကို ရည်ရွယ်သလို အကျိုးစီးပွားသက်ဆိုင်သူ အားလုံး နှင့်လည်းဆက်စပ်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ တန်းတူညီမျှမှုနှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန်သင့်လျော်မှုကို အာမခံနိုင်ရန်ရည်ရွယ်ကြောင်း၊ ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း တွင် နိုင်ငံပေါင်း ၈၉ နိုင်ငံကျော်သည် “ကမ္ဘာလုံးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အစီအမံ” ၌ ပါဝင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၂၇ နိုင်ငံက အထူးလုပ်ငန်းအဖွဲ့ ၇ ဖွဲ့ ကို အတူတကွ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအား လေးစားလိုက်နာမှုမြှင့်တင်ရေး၊ စစ်ပွဲအနေအထား ဆင့်ကဲပြောင်းလဲလာမှုကြောင့် သယ်ဆောင်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်စီမံရေးနှင့် စပ်လျဉ်း၍ လက်တွေ့ဖော်ဆောင်နိုင်သော အကြံပြုချက်ရေးဆွဲကြကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်တာကာလ အတွင်း နိုင်ငံပေါင်း ၁၃၀ ကျော်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ လေးစား လိုက်နာမှုမြှင့်တင်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းညှိနှိုင်းဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ကြသည့် ဘက်ပေါင်းစုံက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာစောင့်ထိန်းရန် ကြေညာချက်ကတိုက်တွန်းထားပြီး သိမ်းပိုက်သည့်အနေအထားရှိသော နိုင်ငံများ အပါအဝင် နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အပြည့်အဝလေးစား ရန်နှင့် လိုက်နာမှုကိုအာမခံရန် တာဝန်ဝတ္တရားရှိကြောင်း ထပ်မံဖော်ပြထားသည်။
ကုလသမဂ္ဂသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း”နှင့် ပို၍ကျယ်ပြန့်မှုရှိသော နိုင်ငံစုံစနစ်ကို အခြေခံခြင်း ဖြစ်ရာ ယင်းကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ကြေညာချက်က အလေးထားပြောကြား ခဲ့သည်။