ဥရောပရှိလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပွား၊ ဟိသရိုးလေဆိပ်အပါအဝင် လေဆိပ်များ၌ ခရီးသည်အများအပြား သောင်တင်


(နိုင်ငံတကာ) စက်တင်ဘာ ၂၁

ဥရောပရှိ အဓိကလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံရှိ ဟိသရိုးလေဆိပ် အပါအဝင် အခြားလေဆိပ်အများအပြား၌ စက်တင်ဘာလ ၂၀ ရက်တွင် ခရီးသည်အများအပြား သောင်တင် ခဲ့ရကြောင်းသိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုသည် ဥရောပလေဆိပ်အတော်များများရှိ ခရီးသည်များ ပစ္စည်းအပ်နှံခြင်းနှင့် ခရီးသွားစာရွက်စာတမ်းများ ပြသသည့်နေရာများကို အဓိကထားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဗြိတိန်၊ ဘယ်ဂျီယံနှင့် ဂျာမနီနိုင်ငံတို့ရှိ လေကြောင်းခရီးစဉ်များမှာ နှောင့်နှေးခဲ့ရကြောင်း လန်ဒန်မြို့ရှိ ဟိသရိုး လေဆိပ်မှ အာဏာပိုင်အဖွဲ့ကပြောကြားသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်လေဆိပ်နှင့် ဒုတိယအကြီးဆုံးလေဆိပ် ဖြစ်သည့် ကော့ လေဆိပ်တို့တွင်လည်း အသေးစားနည်းပညာချွတ်ယွင်းမှုနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လန်ဒန်မြို့၊ ဘာလင်လေဆိပ်နှင့် ဘရပ်ဆဲလေဆိပ်တို့တွင် လေကြောင်း ခရီးစဉ်အများအပြားကို ဖျက်သိမ်းပစ်ခဲ့ရကြောင်းသိရသည်။

ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရနှင့် ကုမ္ပဏီများအား အဓိက ပစ်မှတ်ထားလုပ်ဆောင်သည့် ဆိုက်ဘာနှင့် ဗိုင်းရပ်တိုက်ခိုက်မှုများ အနက် နောက်ဆုံးဖြစ်ပွားသည့် တိုက်ခိုက်မှု ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်သူများသည် အဓိကအားဖြင့် ကျန်းမာရေး၊ ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍတို့ကို ပစ်မှတ် ထားလေ့ရှိကြောင်းသိရသည်။

မကြာမီကဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဗြိတိန်နိုင်ငံရှိ နာမည်ကျော်မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်သည့် Jaguar ၊ Land Rover ကုမ္ပဏီများ၏ ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့ကြောင်းသိရသည်။

PAN