ပြည်တွင်း/ပြည်ပသတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်ရန် မှာကြား

(ပြည်တွင်း) စက်တင်ဘာ ၂၁

မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၂၀ ရက်မွန်းလွဲပိုင်းမှာ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(မှော်ဘီ)သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ကြည့်ရှုစစ်ဆေးစဉ်မှာ သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူသိသင့်သိထိုက်သည့် ပြည်တွင်း/ပြည်ပ သတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်ရန်၊ ဖျော်ဖြေမှုများဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံးပါဝင်သည်ဖြစ်၍ အသံကောင်းမွန်ရုံသာမက တင်ဆက်သည့် အစီအစဉ်နှင့် ကိုက်ညီသည့် ဝတ်စားဆင်ယင်မှုဖြစ်စေရန်၊ သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များ ထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လိုဖွယ်ဖြစ်စေရေး အတွက် တည်းဖြတ်ခြင်းများကို စနစ်တကျဆောင်ရွက်ရန်၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများက စနစ်တကျဆောင်ရွက်ရန်၊ အစီအစဉ်များထုတ်လွှင့်ရာတွင်လည်း ပြည်သူများ ကောင်းရာကောင်းကျိုးကို အကျိုးပြုစေနိုင်မည့်၊ အသိပညာဗဟုသုတရရှိစေနိုင်မည့် ပြည်သူ့အကျိုးပြု အစီအစဉ် ကောင်းများဖြစ်ရန် တို့ကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ) စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်း စားရိပ်သာ အဆောက်အဦးသစ်ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(မှော်ဘီ)မှ အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရပါတယ်။

#PAN