


(ပြည်တွင်း) စက်တင်ဘာ ၁၈
PDF အကြမ်းဖက်တွေထောင်ထားခဲ့တဲ့ မိုင်းတွေကို တက်နင်းမိတာကြောင့် ကျောက်ပန်းတောင်း၊ လွိုင်ကော်နဲ့ နောင်ချိုမြို့နယ်က ဒေသခံတွေ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လယ်ယားကျေးရွာမှာနေထိုင်တဲ့ ဦးသိန်းစိုး ၅၂ နှစ်ဟာ စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီခွဲအချိန်ခန့်က နေအိမ်ကနေ အင်ပင်ကြီးကျေးရွာကို ဈေးဝယ်ဖို့ ထွက်ခွာလာစဉ် အင်ပင်ကြီးကျေးရွာအနီးအရောက်မှာ PDF အကြမ်းဖက်အဖွဲ့တွေထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းစိုးရဲ့ မျက်နှာ၊ လည်ပင်း၊ ယာဘက်ခြေသလုံး၊ ယာဘက်လက် ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်မှာ PDF အကြမ်းဖက်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ နင်းမိုင်း တစ်လုံးကို ဒေသခံတစ်ဦး နင်းမိပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်မှာနေထိုင်တဲ့ ဦးညီညီငယ်(ခ)မာစမင်း(၃၄)နှစ်ဟာ တစ်ရပ်ကွက်တည်းနေ ဦးထိန်လင်းရဲ့နေအိမ်ကို သန့်ရှင်းရေးပြုလုပ်ဖို့ သွားရောက်ချိန် အဆိုပါနေအိမ်ခြံဝင်းရှေ့အရောက်မှာ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားခဲ့တဲ့ နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဦးညီညီငယ်ရဲ့ ယာခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာရရှိခဲ့တာကြောင့် လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ထို့နည်းတူ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နားရှိုးရပ်ကွက်မှာနေထိုင်တဲ့ မောင်ချမ်းငြိမ်းသူ(၁၄)နှစ်ဟာ သူ့ရဲ့နေအိမ်ကို ခြံစည်းရိုးကာနေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ နင်းမိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် ဝဲဘက်မျက်လုံးဖူးရောင်၊ ဝဲ/ယာဘက်လက်ချောင်းတွေမှာ မိုင်းစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။