

(ပြည်တွင်း) စက်တင်ဘာ ၁၈
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာစတင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို အပြည့်အဝ ထောက်ခံတယ်လို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ မူလ D.K.B.A ကထုတ်ပြန်ပါတယ်။၊
မူလ DKBA အနေနဲ့ ပြည်တွင်းပဋိပက္ခမှာ ပါဝင်လျှက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက တိုက်ပွဲဖော်ဆောင်နေမှုတွေကို ရပ်တန့်ပြီး နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတဝှမ်း ငြိမ်းချမ်းမှု ရရှိစေပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မှသည် ပြည်သူလူထုက ရွေးကောက် တင်မြောက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်မယ်လို့ မမှိတ် မသုန် ယုံကြည်တယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ကြမယ့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီတွေကို တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေးအတွက် တတ်စွမ်းသမျှကူညီကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့လည်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် မူလ D.K.B.A ကဆိုပါတယ်။
ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေး အထူးဒေသ၊ မူလ D.K.B.A အဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စတင် ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာနဲ့ တရားမျှတမှုကို အခြေခံပြီး လွတ်လပ်စွာ ရွေးချယ်တင်မြောက်တဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်ပေါ်လာစေရေးအတွက် တပ်မတော်နဲ့ လက်တွဲကာ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ မူလ ( DKBA ) ဗဟိုကော်မတီကထုတ်ပြန်ထားတာဖြစ်ပါတယ်။
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် မူလ D.K.B.A ဟာ ပြည်သူလူထုက ရွေးကောက် တင်မြောက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အလျောက် အခက်အခဲ အကြပ်အတည်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး တပ်မတော်အစိုးရဘက်က အစဉ်တစိုက် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ထုတ်ချက်အရ သိရပါတယ်။