
(နိုင်ငံတကာ) စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၃ ဦးကို ကန်ချနဘူရီပြည်နယ် သောင်ဖာဖုမ်မြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ဖမ်းဆိးရမိတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ဆန်ခလာဘူရီခရိုင်ကနေ ကန်ချနဘူရီမြို့ကို မောင်းနှင်လာတဲ့ သံသယဖြစ်ဖွယ် ဗင်ကားသုံးစီးကို သောင်ဖာဖုမ်မြို့နယ် အူးလောင်းဘုန်းကြီးကျောင်းအနီးက စစ်ဆေးရေးဂိတ်အနီးမှာစစ်ဆေးဖို့ အချက်ပြခဲ့ပေမယ့် မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
ဗင်ကားသုံးစီးကို ထိုင်းလူမျိုးယာဉ်မောင်းတွေမောင်းနှင်လာတာဖြစ်ပြီး ယာဉ်မောင်းနှစ်ဦးကိုဖမ်းဆီးရမိပေမယ့် တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ဗင်ကားသုံးစီးအတွင်းကနေ မြန်မာနိုင်ငံသား အမျိုးသား ၇၂ ဦးနဲ့ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၁၃ ဦးကိုတွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသားအားလုံးမှာ ခိုင်လုံတဲ့ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေမပါရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။