
(အားကစား) စက်တင်ဘာ ၁၀
ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ စပိန်နိုင်ငံသား အယ်ကာရက်ဇ် က အီတလီနိုင်ငံသား ဆင်နာ ကို အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်မှာ ဆင်နာ က အနိုင်ရရှိဖို့ ပိုပြီးရေပန်းစားခဲ့ပေမယ့် အယ်ကာရက်ဇ် ကလည်း အကောင်းဆုံးလက်စွမ်းနဲ့ တုန့်ပြန်ခဲ့လို့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန်က ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အယ်ကာရက်ဇ်က ၆း၂၊ ၃း၆၊ ၆း၁၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ တာ ဖြစ်ပါတယ်။
အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အယ်ကာရက်ဇ် ဟာ ကစားသမားဘဝ ၆ ခုမြောက် ဂရင်းစလမ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်သလို ဆင်နာ ထံမှ ကမ္ဘာ့အဆင့်(၁) နေရာကိုပါ လွှဲပြောင်းရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဇ်က ဗိုလ်လုပွဲအပြီးမှာ ဘယ်အရာကိုမှမကြောက်ပဲ ရှေ့ကိုဆက်တိုး လုပ်သွားဖို့ လူငယ်ကစားသမားတွေကို တိုက်တွန်းသွားပါတယ်။
အခုပွဲက စွမ်းဆောင်ရည်မျိုးကို လုပ်ဆောင်ပြဖို့က အမြဲတမ်း မျှော်လင့်နေတဲ့အရာ ဖြစ်ပါတယ်လို့ အယ်ကာရက်ဇ် က ပြောသွားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ဝင်ဘယ်ဒန် ဗိုလ်လုပွဲမှာ ဆင်နာ ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက အားနည်းချက်တွေကို ပြင်ဆင်နိုင်ခဲ့လို့ အခုလိုရလဒ်ကောင်းခဲ့တာဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။