“စပိန်က စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းအပါအဝင် အစ္စရေးအပေါ်အရေးယူသည့် အစီအစဉ်များကို ကြေညာ”

(နိုင်ငံတကာ)စက်တင်ဘာ ၁၀


စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် က ဝန်ကြီးချုပ်အိမ်တော်ဖြစ်သည့် ပလာစီယို ဒယ်လာမွန် ကလိုအာ ၌ စက်တင်ဘာလ ၈ ရက်က ရုပ်သံမိန့်ခွန်း ပြောကြားစဉ်အတွင်း အစ္စရေးနှင့်သက်ဆိုင်သော အစီအစဉ်များအား ကြေညာခဲ့သည်။


ဆန်းချက်ဇ် က ၎င်း၏အစိုးရ လုပ်ဆောင်သွားမည့် အစီအစဉ် ၉ ခုအား ကြေညာခဲ့ကာ စပိန်အစိုးရ အနေဖြင့် အစ္စရေးအပေါ် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းအား အာဏာသက်ဝင်စေမည့် အမိန့်တစ်ရပ်ကို စက်တင်ဘာလ ၉ ရက်၌ အတည်ပြုသွားမည်ဟု ကြေညာခဲ့သည်။


စပိန်အနေဖြင့် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရုံသာမက အစ္စရေးထံ စစ်လက်နက်များ သယ်ယူ ပို့ဆောင်ပေးသည့် လေယာဉ်များနှင့် အစ္စရေးစစ်တပ်အတွက် လောင်စာဆီသယ်ဆောင်ပေးသည့် သင်္ဘောများ အား စပိန်လေပိုင်နက်နှင့် ဆိပ်ကမ်းများဆီသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမည်ဟုလည်း သိရသည်။

ထို့ပြင် တရားမဝင် အစ္စရေးအခြေချနေရာများမှ ရောက်ရှိလာသည့်ထုတ်ကုန်များကို ပိတ်ပင်ခြင်း၊ ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အား ငွေကြေးထောက်ပံ့မှု တိုးမြှင့်ခြင်းနှင့် အခြားအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။


ဆန်းချက်ဇ် က ထိုအစီအစဉ်များမှာ လုံလောက်မည်မဟုတ်ဟု ဝန်ခံပြောဆိုခဲ့သော်လည်း ယင်းတို့မှာ အစ္စရေးအပေါ် တိုးမြှင့်ဖိအားပေးရန်နှင့် ပါလက်စတိုင်းပြည်သူများ၏ အတိဒုက္ခအချို့ကို ပြေပျောက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။


အစ္စရေးက ဂါဇာဒေသတွင် မတ်လ ၁၈ ရက်၌ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့သည်။ အစ္စရေးအနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အပြင်းအထန် ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်း ၁၁,၉၁၁ ဦး ထက်မနည်း သေဆုံးကာ ၅၀,၇၃၅ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း သေဆုံးသူပေါင်း ၆၄,၄၅၅ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၁၆၂,၇၇၆ ဦး ရှိလာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။

#PAN