“ဂျပန် LDP ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲအားအောက်တိုဘာလ ၄ ရက်၌ ကျင်းပမည်”

(နိုင်ငံတကာ) စက်တင်ဘာ ၁၀

ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) အနေဖြင့် ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ ၏နေရာအား ဆက်ခံ မည့်သူကို ရွေးချယ်ရန်အတွက် လွှတ်တော်အမတ်များနှင့် အောက်ခြေအဆင့်ပါတီဝင်များက ဆန္ဒမဲပေးခြင်း အပါအဝင် လာမည့်ပါတီခေါင်းဆောင်ရွေးချယ်ပွဲအား လုပ်ငန်းစဉ်အပြည့်အစုံဖြင့် ကျင်းပရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက် အစည်းအဝေး၌ ပါတီအလုပ်အမှုဆောင်များက ပါတီခေါင်းဆောင်ရွေးချယ်ပွဲအား စက်တင်ဘာလ ၂၂ ရက်၌ တရားဝင်ကြေညာရန် သဘောတူညီခဲ့ကာ လွှတ်တော်အမတ်များအနေဖြင့် အောက်တို ဘာလ ၄ ရက်၌ ဆန္ဒမဲပေးကြမည်ဖြစ်သည်။

လုပ်ငန်းစဉ်အပြည့်အစုံဖြင့် ကျင်းပမည့် အဆိုပါပါတီခေါင်းဆောင်ရွေးချယ်ပွဲ၌ LDP လွှတ်တော်အမတ် များထံမှ ၂၉၅ မဲ၊  ပါတီဝင်များထံမှ ၂၉၅ မဲ စုစုပေါင်းမဲအရေအတွက် ၅၉၀ ဖြင့် အတည်ပြုဆုံးဖြတ်သွားမည် ဖြစ်ကာ မဲဆွယ်စည်းရုံးရေးကာလမှာ ၁၂ ရက်ကျော် ကြာမြင့်မည်ဟု သိရသည်။

လုပ်ငန်းစဉ် အပြည့်အစုံဖြင့်ကျင်းပမည့် ရွေးချယ်ပွဲမှာ ခေါင်းဆောင်သစ်တစ်ဦးအား ရွေးချယ်တင်မြှောက် ရာတွင် အသင့်လျော်ဆုံးနည်းလမ်းဖြစ်ကြောင်း၊ ယင်းသည် ပါတီအား ပြန်လည်ပြင်ဆင်ချိန်ညှိကာ အမျိုးသား နိုင်ငံရေးအင်အားစုအဖြစ် ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း LDP ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဟိရိုရှိ မိုရိယာမ က အလေးအနက်ပြောကြားခဲ့သည်။

ရွေးချယ်ပွဲစည်းမျဉ်းများအရ ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရရန်အတွက် မဲအရေအတွက် ထက်ဝက်ကျော်ရရှိရန် လိုအပ်မည်ဖြစ်ကာ ပထမအကျော့တွင် မည်သည့်ကိုယ်စားလှယ်လောင်းကမှ  မဲထက်ဝက်ကျော် မရရှိခဲ့ပါက မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ အဆိုပါနေ့၌ပင် ဒုတိယ အကျော့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး LDP အမတ်များက ဒုတိယအကြိမ်မဲပေးရမည်ဖြစ်သလို စီရင်စု ၄၇ ခု မှလည်း ဆန္ဒမဲတစ်မဲစီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အီရှီဘာ က ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ရာ LDP ပါတီအနေဖြင့် အကြိတ်အနယ်ရှိလာမည့် ပါတီခေါင်းဆောင်ရွေးချယ်ပွဲအတွက် ပြင်ဆင်လျက်ရှိကာ အဓိကပုဂ္ဂိုလ်များကလည်း ၎င်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှိမိဆု မိုတဲဂိ က ၎င်းဝင်ရောက်ယှဉ်ပြိုင်လိုသည်ဟု စက်တင်ဘာလ ၈ ရက်က ကြေညာခဲ့ပြီး ပါတီနှင့် အစိုးရအတွက် ၎င်း၏ နိုင်ငံရေးအတွေ့အကြုံ ကြွယ်ဝမှုကို အသုံးချသွားမည်ဟု ကတိပြုခဲ့သည်။

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိ နှင့် စီးပွားရေးဖူလုံမှုဆိုင်ရာဝန်ကြီးဟောင်း ဆာနာအဲ တာကာအိချိ တို့ကလည်း ပါတီခေါင်းဆောင်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

#PAN