(နိုင်ငံတကာ) စက်တင်ဘာ ၁၀
ကာတာနိုင်ငံအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာအား ချိုးဖောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို သည်းညည်းခံမည်မဟုတ်ကြောင်း၊ အစ္စရေးအပေါ် တုံ့ပြန်ရန်လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani က စက်တင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။

ကာတာနိုင်ငံက အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဘက်စုံအစီအမံများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း Sheikh Mohammed bin Abdulrahman Al Thani က အဆိုပါနေ့တွင် ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကာတာအနေဖြင့် ဂါဇာကမ်းမြောင် ဒေသ အပစ်ရပ်ရေးဆွေးနွေးညှိနှိုင်းမှုတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း၊ သို့သော် အစ္စရေးက တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် လက်ရှိတွင် လုပ်ဆောင်လျက်ရှိသည့် တွေ့ဆုံဆွေးနွေးမှု မရှိကြောင်း ၎င်းကဆိုသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Majed Mohammed Al-Ansari က စက်တင်ဘာလ ၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အစ္စရေးမှ တိုက်ခိုက်မှုလုပ်ဆောင်မည်ကို ကာတာဘက်က ကြိုတင်သိရှိ ထားသည်ဟူသော သတင်းဖော်ပြချက်များအား ငြင်းပယ်ခဲ့ပြီး အဆိုပါပြောဆိုချက်မှာ အခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီးမှသာ အမေရိကန်အရာရှိတစ်ဦးက ကာတာဘက်သို့ ဆက်သွယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကာတာနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်မှုညှိနှိုင်းရာ၌ အစဉ်အမြဲအရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အစ္စရေးစစ်တပ်နှင့် အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန(Shin Bet) တို့သည် စက်တင်ဘာလ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ထိုနေ့တွင် ဒိုဟာမြို့ရှိ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်) အဆင့်မြင့်အလွှာ အဖွဲ့ဝင်များအပေါ် တိကျသည့်တိုက်ခိုက်မှု လုပ်ဆောင် ခဲ့ကြောင်း အတည်ပြုခဲ့သည်။
#PAN