လူဝင်မှုကြီးကြပ်ရေးအတွက် ချီကာဂိုမြို့ကို စစ်ဆင်ရေးဝင်မည်ဟု ထရမ့်သတိပေး

(နိုင်ငံတကာ) စက်တင်ဘာ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လူဝင်မှုကြီးကြပ်ရေးအတွက် ချီကာဂိုမြို့ကို စစ်ဆင်ရေးဝင်မည် ဖြစ် ကြောင်းနှင့် ထိုသို့စစ်ဆင်ရေးဝင်ရန် ဗဟိုတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

အစိုးရအနေဖြင့် ချီကာဂိုမြို့ကို လူဝင်မှုကြီးကြပ်ရေးအတွက် စစ်ဆင်ရေးဝင်နိုင်စေရန် ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ပွဲဝန်ကြီးဌာနဟု အမည်ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ထရမ့် က ဆက်ပြောသည်။

ဒေါ်နယ်ထရမ့် သည် ဒီမိုကရက်တစ် ပါတီဝင်များကြီးစိုးသော လော့အိန်ဂျလိစ်မြို့ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆင်ရေးဝင်ကာ ခိုးဝင် နေထိုင်သူများနှင့် နေထိုင်ခွင့်သက်တမ်းလွန် နေထိုင်သူများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်များပေးပြီးနောက် ဆက်လက်၍ ချီကာဂိုမြို့ကို အလားတူ စစ်ဆင်ရေးလုပ်ဆောင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်က ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင်တင်ပြီးနောက် ချီကာဂိုမြို့တည်ရှိရာ အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ကာ က သမ္မတသည် အမေရိကန်မြို့ကြီးတစ်မြို့ကို စစ်ဆင်နွှဲရန် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း၊ အီလီနွိုက်ပြည်နယ်အနေဖြင့် အာဏာရှင်ဖြစ်ချင်နေသူတစ်ဦး၏ ဆန္ဒအတိုင်း လိုက်လျောမည်မဟုတ်ကြောင်း လူမှုကွန်ရက်တွင်ရေးထားသည်။

ထရမ့်သည် ၎င်းသာ သမ္မတဖြစ်လာပါက နိုင်ငံအတွင်းရှိ တရားမဝင်နေထိုင်သူများကို ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကတိပေးထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။