ယာယီသမ္မတက ပြည့်ဖြိုးမြဲစွမ်းအင်များထုတ်လုပ်နိုင်ရေး တရုတ်လုပ်ငန်းရှင်များအားဖိတ်ခေါ်

(ပြည်တွင်း) စက်တင်ဘာ ၂၀

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုမထိခိုက်စေဖို့နဲ့ ပြည်ဖြိုးမြဲစွမ်းအင်တွေထုတ်လုပ်နိုင်ရေးအတွက် တရုတ် လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၆ ရက် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါကြောင်းနဲ့ လာရောက်ရင်းနှီးမြုပ်နှံသူတွေ ဆောင်ရွက်ချိန်မှာ လုံခြုံရေးအရကာကွယ်မှုများ ပေးရေးအတွက် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ပွဲတွေပြီးပါက တည်ငြိမ်အေးချမ်းမှုတွေ တိုးတက်လာမှာဖြစ်ပြီး နှစ်နိုင်ငံ အေးအတူပူအမျှနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေရင်းနိုင်ငံဖြစ်သလို တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေရင်းနိုင်ငံဖြစ်တဲ့အတွက် ရဲရဲတင်းတင်းလာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်လို့ ပြောကြားခဲ့ ပါတယ်။

အဆိုပါတွေ့ဆုံပွဲကို စီချွမ်ပြည်နယ်မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင် အများအပြားတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။