မြို့ပြရှာဖွေကယ်ဆယ်ရေး(Light USAR Team) ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်နေ

(ပြည်တွင်း) စက်တင်ဘာ ၈

တောင်ကြီးမြို့၌ မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှု သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများက မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်တစ်ခုဖြစ်တဲ့အတွက် မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာသည့်အခါ ဆုံးရှုံးမှုနည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနအနေနဲ့ အခြေခံရှာဖွေရေးနည်းစနစ်သင်တန်း၊ အဆင့်မြင့်ရှာဖွေရေး နည်းစနစ်သင်တန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က ပြောကြားခဲ့ပါတယ်။ သင်တန်းသားများက အဆောက်အအုံတည်ငြိမ်မှု ရှိမရှိ စက်ကိရိယာနဲ့ လက်တွေ့သရုပ်ပြသခြင်း၊ ဒေါက်ထောက် ကြားခံနည်းစနစ်၊ ကြိုးသက်ကယ်နည်းစနစ်၊ ကြိုးကူးကယ်ဆယ်ခြင်းနည်းစနစ်၊ သုံးဆင့်လှေကားဖြင့် ကယ်ဆယ်ခြင်း နည်းစနစ်၊ တောင်ကြားအသက်ကယ်ဆယ်ခြင်း၊ နံရံထွင်းပေါက်ဖြတ်တောက်ကယ်ဆယ်ခြင်းနည်းစနစ်၊ မတင်ရွှေ့ ပြောင်းခြင်း ကြိုးဆင်းခြင်းနည်းစနစ်တို့ဖြင့် လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရပါတယ်။