မြို့ကြီးလေးမြို့တွင် သံနှင့် သံမဏိ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းများ တည်ထောင်သွားမယ်

(ပြည်တွင်း) စက်တင်ဘာ ၈

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့တဲ့ အဆောက်အဦများကို ပြန်လည်တည်ဆောက်ရာမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့ သံနှင့်သံမဏိချောင်းများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရန် သံမဏိမူဝါဒနဲ့ အညီ အရည်အသွေးစစ်ဆေးနိုင်ရန် အဓိကမြို့ကြီးလေးမြို့ဖြစ်တဲ့ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ စက်မှုဇုန် တွေမှာ ဓာတ်ခွဲခန်းများ တည်ထောင်သွားမယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိဓာတ်ခွဲခန်းများထူထောင်နိုင်ဖို့အတွက် သံနှင့်သံမဏိလုပ်ငန်းရှင်များနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိနေပြီး စက်မှုဝန်ကြီးဌာနပိုင် မြေနေရာတွေမှာ တည်ထောင်သွားမှာ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ စက်မှုဇုန်များမှာ နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲခန်းများ တည်ထောင်ပြီးစစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

စစ်ဆေးရာမှာ ပြည်တွင်းမှ ထုတ်လုပ်တဲ့ သံ၊ သံမဏိချောင်းများနှင့် ပြည်ပက တင်သွင်းလာတဲ့ သံနှင့်သံမဏိ ချောင်းများဟူ၍ ၂ ပိုင်းခွဲကာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် သံနှင့်သံမဏိထုတ်လုပ်တဲ့လုပ်ငန်းရှင်များကို စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ဖို့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ပြည်ပမှတင်သွားလာတဲ့ သံနှင့်သံမဏိများကိုလည်း စံချိန်စံညွှန်းကိုက်ညီနိုင်ဖို့အတွက် ထုတ်ကုန်၊ သွင်းကုန်တွေမှာ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သံနှင့်သံမဏိ လိုအပ်ချက်အရ နှစ်စဉ် တန်ချိန် ၂ သန်းခန့် ပြည်ပမှ တင်သွင်းနေရပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၂ သိန်းကျော်သာ ထုတ်လုပ်လျက် ရှိတယ်လို့ သိရပါတယ်။