

(မှုခင်း) စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးလည်းဖြစ် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးသိန်းထွန်း ကို စက်တင်ဘာ ၆ ရက် မနက် ၉ နာရီ ၃၀ မိနစ်မှာ PDF တွေက လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး ဦးသိန်းထွန်းဟာ ဆည်တိုကျေးရွာနဲ့ ကံရွာကျေးရွာဘက်ကို လုပ်ငန်းကိစ္စနဲ့ သွားရောက်ခဲ့ပြီး သူ့ရဲ့နေအိမ်ကို ဆိုင်ကယ်နဲ့ တစ်ဦးတည်းမောင်းနှင်ပြန်လာချိန် ပွင့်တောကျေးရွာနဲ့ ကြပ်ဆည်ကျေးရွာကြားအရောက်မှာ အသင့်စောင့်နေတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
PDF တွေရဲ့ပစ်ခတ်မှုကိုခံရတဲ့ ရာအိမ်မှူး ဦးသိန်းထွန်းဟာ ရရှိတဲ့သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးသွားတယ်လို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းရင်ကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုး(၆၂)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်မာမာအေး(၅၈)နှစ်တို့ကို PDF က ဖမ်းဆီးသွားရာက ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
မင်းရင်ကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုးနဲ့ဇနီးဖြစ်သူဟာ စက်တင်ဘာ ၅ ရက် မနက် ၂ နာရီ ၃၀ မိနစ်ခန့်က နေအိမ်မှာရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးနဲ့ရောက်ရှိလာပြီး သူတို့နှစ်ဦးကိုဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးသည်ဖြစ်သူဟာ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီမှာ မင်းရင်ကျေးရွာက သူတို့ရဲ့နေအိမ်ကို ပြန်လည်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။