ဂျာမနီက အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများတင်ပို့မှုရပ်ဆိုင်းမည်

(နိုင်ငံတကာ) သြဂုတ် ၉

ဂျာမနီအစိုးရသည် အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ က ဩဂုတ်လ ၈ ရက်တွင် ပြောထားသည်။

အစ္စရေးအစိုးရက ဂါဇာမြို့ကို သိမ်းပိုက်ရန်ဆုံးဖြတ်လိုက်ပြီးနောက် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင် ဒေသ၌ အသုံးပြုနိုင်သော စစ်လက်နက်ပစ္စည်းများတင်ပို့မှုကို ရပ်ဆိုင်းမည်ဟု ဂျာမနီဝန်ကြီးချုပ်က ပြောလာခြင်း ဖြစ်သည်။

ထို့ပြင် အစ္စရေးအစိုးရအနေဖြင့် အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ရန်ကြိုးစားခြင်းမှ ရှောင်ရှားရန် ဂျာမနီဝန်ကြီးချုပ်က သတိပေးထားသည်။

အလားတူ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဂါဇာဒေသသို့ပေးပို့သော ကူညီ ထောက်ပံ့ရေးပစ္စည်းများ အားလုံးကို ဝင်ရောက်ခွင့်ပြုရန် ဂျာမနီက အစ္စရေးကို တောင်းဆိုထားကြောင်း သိရသည်။

#PAN