(နိုင်ငံတကာ) ဩဂုတ် ၃

ကမ္ဘာ့ပညာရေးအဆင့်အတန်းမြင့်မားသော ဖင်လန်နိုင်ငံရှိ စာသင်ကျောင်းများသည် ယခုအခါ ကမ္ဘာ့အဆင့် ကျဆင်းလာသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံးပြုခွင့် မရှိတော့ကြောင်း သိရသည်။
ဖင်လန်နိုင်ငံအစိုးရသည် ပြင်ဆင်ထားသည့် အခြေခံပညာရေးဥပဒေကို ဧပြီလတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်သည်။
ထိုဥပဒေတွင် အသက်ခုနစ်နှစ်မှ ၁၆ နှစ်အထိ ကျောင်းသားများအနေဖြင့် အတန်းတက်နေစဉ်အချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို တားမြစ်ထားသည်။
ထို့ပြင် စာသင်ခန်းများတွင် မိုဘိုင်းဖုန်းများ၊ အခြားမိုဘိုင်းကိရိယာများကို သင်ယူရေးအတွက် အသုံးပြု လိုပါက တာဝန်ကျဆရာ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမျိုးသားပညာရေးဌာနသည် ကျောင်းသားများဖုန်းသုံးစွဲမှုကို ဥပဒေတွင် ဖော်ပြ ထားမှုထက် ထမင်းစားချိန်၊ ခေတ္တနားချိန်တို့တွင်လည်း ဖုန်းကိုအသုံးပြုခွင့်မပေးရေး အစရှိသည်ဖြင့် စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာချမှတ်ရန် တောင်းဆိုထားကြောင်းသိရသည်။
#PAN