



(မှု့ခင်း) ဇူလိုင် ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲအချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်ရှိ သိန်းဝင်းထွန်းနှင့် ထွန်းထွန်းလင်း(ခ)ကိုထွန်းတို့ ငှားရမ်းထားသည့်နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်လွင်အားအိုက်စ်(မက်သ်အဖက်တမင်း) ၁၈၇၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၄၆ ဒသမ ၈၇၅ ဘီလီယံ)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံ)နှင့် TOYOTADYNAမော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား လွှဲပြောင်းပေးအပ်ခဲ့သူ နေမျိုးကျော်အား ည ၇ နာရီအချိန် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပါရမီလမ်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ကြည်ဖြူ(ခ)ကျော်ဝင်းဌေး နှင့် ဇော်မင်းနိုင်တို့မှာထားဝယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့်၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် KLUGER မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးကြည်ဖြူ(ခ)ကျော်ဝင်းဌေးမှာ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် စိတ်ပြောင်းဆေးဝါးများအား ပင်လယ် ရေကြောင်းဖြင့် မလေးရှား ရေပိုင်နက်သို့ပို့ဆောင်သူ စိုးလင်းပိုင်(ခ)လင်းလင်းအား ပြည်မြို့၊ နဝဒေးတံတားတွင်လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်မြစ်ဝမှ မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်သူ စက်လှေပိုင်ရှင် ရဲထွန်း(ခ)ပဲ့နင်း(ခ)ဖိုးသာဂိအား ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရဲထွန်း မှာလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း။
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စိတ်ပြောင်းဆေးဝါးများအား ရန်ကုန်မြစ်ဝသို့ တာဝန်ခံ သယ်ဆောင်ပေးသူ အောင်ရတနာ စက်လှေပိုင်ရှင်သိန်းသန်းဌေး(ခ)ဇော်ဇော်အောင်(ခ) ငဌေးနှင့်ကျော်စွာမင်း(ခ)မင်းမင်း၊မျိုးထွန်း(ခ)ကိုထွန်းတို့အား မင်္ဂလာဒုံမြို့နယ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါတရားခံများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိပြီး ယင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့သည် ပြည်ပသို့ပင်လယ်ရေကြောင်းအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက် ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။