မူးယစ်ဆေးဝါးများ တာချီလိတ်မြို့ တွင် သိမ်းဆည်းရမိ


(မှုခင်း) ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့၊ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် စိုင်းကျော်(ခ)အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူသုည ဒသမ ၃၅ ကီလို(တစ်ကီလိုလျှင် သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၂ ဒသမ ၅ သိန်း)သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စိုင်းမောင်ဆိုင်း ငှားရမ်းနေထိုင်သည့် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို(တစ်ကီလိုလျှင် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၃၀၀)နှင့် ဆိုင်ကယ် တစ်စီးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN