၂၀၂၅ မှာ ကမ္ဘာကြီး ဘယ်လိုလည်ပတ်မလဲ

(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၂၃
နေဇင်လတ်

       တစ်နှစ်ကတော့ ကုန်သွားပြန်ပါပြီ။ ၂ဝ၂၄ ဟာ ကမ္ဘာကြီးအတွက် နှစ်ဆိုး တစ်နှစ်လို့ ပြောရလိမ့်မယ်။ များသောအားဖြင့်တော့ နှစ်ဟောင်းမှာ အညစ်အကြေးတွေကို ချန်ထားခဲ့ပြီး နှစ်သစ်အတွက် ကောင်းချီးများနဲ့ပြည့်စုံအောင် ဆု တောင်းတတ်ကြပေမဲ့ လက်တွေ့ အမှန်ကိုသိထားကြသူများအတွက်တော့ ၂ဝ၂၅ ဟာဆုတောင်းမပြည့်နိုင်တဲ့ နှစ် တစ်နှစ်ဆိုတာကို သိနေကြပြီး ဖြစ်ပါလိမ့်မယ်။
        အမှန်တကယ်လဲဟုတ်ပါတယ်။

        တချို့ဖြစ်ရပ်တွေက ကာလတိုမှာ ဖြတ်တောက်နိုင်ပေမဲ့၊ တချို့ဖြစ်ရပ်တွေကတော့ ဖြတ်တောက်ချန်ထားလို့ မရအောင်ကို အင်အားကြီးမားကြတာ တွေ့ရတယ်။ ၂ဝ၂၄ မှာ ချန်ထားလို့ မရတဲ့ စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေး အနိဋ္ဌာရုံတွေဟာ ၂ဝ၂၅ မှာ အင်အားပိုကောင်းလာဖို့ရှိသလို အနိဋ္ဌာရုံအသစ်တချို့ကလဲ စောင့်မျှော်နေတာ တွေ့ရပြန်ပါတယ်။

       ဒီကြားထဲမှာ အမေရိကန်တရားရေးကို ကိုယ်စားပြုထားတဲ့ Capitol ကို လျှပ်စီးတွေထိတွေ့နေတဲ့ပုံက ၂၀၂၄ ရဲ့ နောက်ဆုံးနေ့မှာ ပေါ်လာပြန်လေတော့ Omen ဆိုတဲ့ မကောင်းတဲ့နိမိတ်တွေပဲဆိုပြီး ဟိုးလေး တကျော်ဖြစ်သွား ရပြန်ပါတယ်။

Epicenter ငလျင်ဗဟိုချက်မ

       တရုတ်က အမေရိကန်ကို စီးပွားရေးမှာ ဘယ်လိုကျော်တက်စေကာမူ၊ နှစ် ၈ဝ လောက်သြဇာ တည် ဆောက်ထားတဲ့ အမေရိကန်ကို “သြဇာ” နဲ့ “လှုပ်ခါ” နိုင်မှုမှာ တန်းမတူသေးပါဘူး။ ကမ္ဘာကြီးရဲ့စစ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေးအားလုံးရဲ့ ဗဟိုချက်မက အမေရိကန်အဖြစ်ရှိနေတုန်းပါပဲ။ ၂၀၂၂ မှာ ဖြစ်သွားတဲ့ ယူကရိမ်းစစ်ပွဲဟာ အမေရိကန်တွန်းအားကြောင့် ဖြစ်ခဲ့ရတာပါ။ ကမ္ဘာ့အရေးအရာအားလုံးဟာ အမေရိကန် မပါရင် “ဇာတ်ကားကောင်း” တစ်ခု ဖြစ်လေ့မရှိသေးပါဘူး။

       ငလျင်ဗဟိုချက်မရဲ့နေရာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှာ ထရမ့်ကလွှဲပြောင်းတာဝန်ထမ်းဆောင်တော့မှာပါ။ သူ့စရိုက်သူ့သဘာဝက “တစ်ဇွတ် ထိုး” လုပ်ကိုင်တတ်သူဖြစ်ပြီး အင်အားကို အလွန် အကျွံသုံးစွဲတတ်သူဖြစ်တဲ့အတွက်ကြောင့် အမေရိကန်ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ငလျင်ငယ်၊ ငလျင်ကြီးတွေ လှုပ်ခတ်ဖို့ ရှိနေပါတယ်။ အထူးသဖြင့်အီရန်မှာ ငလျင်ရော၊ မီးတောင်ပေါက်ကွဲမှုရော၊ ဧရာမဆူနာမီတွေရောကို စုပြုံခံစားရလိမ့်မယ်လို့ အားလုံးက တွက်ဆထားကြတယ်။

        သမ္မတမဖြစ်ခင် ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက “တော်လဲသံပေး၊ မိုးကြိုးသွားကိုင်ထားတဲ့” ထရမ့်ဖြစ်သွားခဲ့ပါပြီ။ အရေးအရာအတော်များများမှာ သူ့သဘောထား၊ သူ့မူဝါဒကို ထုတ်ပြောခဲ့ရာမှာ ခပ်ပြင်းပြင်း ငလျင်တွေ လှုပ်ခတ်တော့မယ်ဆိုတာကို အားလုံးက မျှော်လင့်နေခဲ့ကြပါတယ်။

အမေရိကန်ပြည်တွင်းငလျင်

       သမ္မတအဖြစ်ရွေးကောက်ပွဲကာလတစ်လျှောက်လုံး သူ့ကိုဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ Biden, Hillary Clinton, Pelosi တို့ အပါအဝင်ဒီမိုကရက်ခေါင်းဆောင်ပိုင်း “ထိပ်စည်း”တွေအတော်များများ ထမင်းလုံးတစ္ဆေခြောက်ခံနေကြရပြီ။ ထရမ့်ရဲ့ မလွဲမသွေတုံ့ပြန်မှုတွေကိုရရှိကြပါလိမ့်မယ်။ ဘိုင်ဒင့်အဖွဲ့က ထရမ့် ကို အမှုပေါင်း ၃၄ မှုနဲ့ တရားစွဲခဲ့တာပါ။ စုစုပေါင်းအမှု (၅ဝ) ကျော်လောက်ကို ထရမ့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီအတွက် ထရမ့်က အတိုးအရင်းပေါင်းပြန်တောင်းမှာ သေချာပါတယ်။

        အကျင့် ပျက်ခြစားတာတွေကို တိုက်ဖျက်ဖို့၊ အစိုးရအသုံးစရိတ်တွေကို အဆီးအတားမရှိ သုံးစွဲနေတာတွေကို ရပ်တန့်ဖို့၊ ဌာနတွေရဲဦးဆောင်မှုစွမ်းရည်တွေကို ထိန်းချုပ်ဖို့ DOG ဆိုတဲ့ဌာနသစ်တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ထရမ့်ရဲ့ မိတ်ဖက် Elon Musk က အခြားသူတစ်ဦးနဲ့ တွဲဖက်ဦးဆောင်မှာ ဖြစ်ပါတယ်။ လောလော ဆယ်မှာကို Musk ထုတ်ပြော၊ ထောက်ပြထားတဲ့ အချက်တွေအရ အစိုးရဌာနတွေအတွင်းမှာ
ငလျင်တွေလှုပ်ခတ်ဖို့ ရှိနေပါတယ်။

        Bill Gates တို့လို ထင်ရှားတဲ့ အခြားသောဘီလီယံနာအုပ်စုအတွင်းမှာလည်း ဂယက်ထစရာတွေရှိနေပါတယ်။ ဒီမိုကရက်တွေကို ပမာဏကြီးကြီးနဲ့ အလှူငွေထည့်ပြီး သူ့ကို နှိပ်ကွပ်ခဲ့တာတွေရှိထားပါတယ်။ ထရမ့်သာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူတို့ အမေရိကန်မှာ မနေတော့ဘူးလို့ပြောခဲ့တဲ့ ဘီလ်ဂိတ်နဲ့ ဇူကာဘတ်တို့ ထရမ့်ကို အပြေးအလွှား သွားတွေ့ခဲ့ကြတာကို တွေ့ရတယ်။

       ၂၀၂၅ ခုနှစ်ဟာ အမေရိကန် စီးပွားရေးကောင်းနိုင်သလား၊ မကောင်းနိုင်ဘူးလားဆိုတဲ့မေးခွန်း ရှိလာပါတယ်။

        ကောင်းမယ်လို့သုံးသပ်ကြသူတွေရှိထားသလို၊ မကောင်းနိုင်ဘူးလို့ သုံးသပ်ကြသူတွေလည်းရှိနေပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးညွှန်းကိန်းကြီးတစ်ခုလို့ သတ်မှတ်ကြတဲ့ Warren Buffett ကတော့ ရောင်းသင့်တဲ့ စတော့တွေကို ရောင်းပြီး ငွေသားလက်ကိုင် ထားလိုက်တာ $ 320 + ဘီလီယံကျော်သွားခဲ့ပါပြီ။ Buffett ကို တစ်ကမ္ဘာလုံးက Smart & Intelligent Investor လို့သတ်မှတ်ကြတယ်။ စတော့တွေကို ရောင်းပြီး ငွေသားလက်ကိုင်ပြန်ကိုင်ထားတာဟာ
စီးပွားရေးမကောင်းနိုင်ဘူးလို့ သုံးသပ်တာကြောင့် ဖြစ်ပါတယ်။ ၂၀၀၈ အမေရိကန်မှာဖြစ်တဲ့ စီးပွားရေး ကျဆင်းမှ မတိုင်မီမှာလည်း Buffett က အခုလို စတော့တွေကို ရောင်းပြီးငွေသား လက်ကိုင်ထားဖူးခဲ့ပါတယ်။

နိုင်ငံတကာငလျင်များ

        ယူကရိမ်းစစ်က ရှေ့တန်းက ပါလာပါလိမ့်မယ်။ ယူကရိမ်းစစ်ရပ်စဲရေးအတွက် ရက် ၉ဝ အတွင်း အပြီးဆောင်ရွက်မယ်ဆိုတဲ့ ထရမ့်ရဲ့ကြိုးစားမှုထဲမှာ အဆိုပြုရေးသားချက်တချို့ကို ရုရှားက လက်မခံနိုင်ဘူးလို့ငြင်းပယ်ထားတယ်။ ယူကရိမ်းအနေနဲ့ NATO ထဲဝင်ဖို့ အနှစ် ၂ဝ နောက်ဆုတ်ပေးရမယ်ဆိုတဲ့အချက်ကို ရုရှားဘက်က လုံးဝ သဘောမကျခဲ့ပါဘူး။ ယူကရိမ်းဟာ NATO အဖွဲ့ဝင် ဘယ်တော့မှ ဖြစ်လို့မရဘူးဆိုတဲ့အချက်ပေါ်မှာ ရပ်ခံထားတယ်။ ထရမ့်အနေနဲ့ –
• အချက်အလက်တွေကို ပြောင်းလဲပေးမလား
• ရုရှားဘက်က ဘယ်လိုမှ သဘောမတူခဲ့ရင် ယူကရိမ်းကို ဆက်ပြီး ထောက်ပံ့ပေးမလား
• အထောက်အပံ့ ဖြတ်ပစ်မလားဆိုတာကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။


     ယူကရိမ်းထက်ပိုပြီးအရေးပါတဲ့ National Interest ဆိုတဲ့ အကျိုးစီးပွားအရဆိုရင် မလိုအပ်တဲ့ ကုန်ကျငွေတွေကို ထရမ့်ဖြတ်တောက်ရမှာက ပိုပြီးဦးစားပေးရမှာဖြစ်တယ်။ ဘိုင်ဒင့်လက်ထက်မှာ ယူကရိမ်းကိုထောက်ပံ့တာ $100 Billion ကျော်နေပါပြီ။

       ယူကရိမ်းဘက်ကို ဖိအားပေးပြီး စစ်ရပ်စဲရေးအတွက် မဖြစ်မနေလုပ်မယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ ထရမ့်အနေနဲ့ ဘာတွေကိုရင်ဆိုင်ရမလဲဆိုရင် မဟာမိတ်တွေနဲ့ မျက်နှာပျက်ရပါတော့မယ်။ NATO ထဲကထွက်ခွာမယ်လို့ဆို​ေသလို EU ထဲကလည်း အမေရိကန်ကထွက်ခွာမယ်လို့ဆိုထားတယ်။ WHO ကိုတော့ သမ္မတအဖြစ် ကျမ်းကျိန်ပြီး Day – 1မှာ စပြီးထွက်မယ်လို့ဆိုတယ်။ NATO, EU, WHOတို့နဲ့ အမေရိကန် မျက်နှာပျက်ကြရပါပြီ။

       NATO နဲ့ကတော့ မျက်နှာအကြီးကြီးကို ပျက်ရမှာဖြစ်ပြီးနောက်ပိုင်း ကုန်သွယ်စစ်တွေပါ အကျိုးဆက်အဖြစ် တွေ့လာရဖွယ်ရှိပါတယ်။ အဲ့ဒီဂယက်က ကမ္ဘာကြီးကိုရိုက်ခတ်သွားပါလိမ့်မယ်။ NATO နိုင်ငံ ၃၂ နိုင်ငံအနေနဲ့ GDP ရဲ့ သုံးရာခိုင်နှုန်းကို အချိုးကျထည့်ဝင်ရမယ်လို့ဆိုတယ်။ အဲ့သလိုမထည့်နိုင်ရင် အမေရိကန်အနေနဲ့ NATO အသုံးစရိတ်တွေကို မစိုက်ထုတ်နိုင်တဲ့အတွက် NATO ထဲက ထွက်မယ်လို့ပြောထားတယ်။ အဲဒီကတစ်ဆင့် ရိုက်ခတ်သွားတဲ့ သတင်း တစ်ခုက NATO ဟာ အမေရိကန်မရှိတော့ရင် ရုရှားကိုမခုခံနိုင်တော့ဘူးဆိုတဲ့ ငလျင်တစ်ခုဖြစ်လာပါတယ်။ လောလောဆယ်မှာကို ဖင်လန်က လန့်နေရပါပြီ။ ယူကရိမ်းစစ်ပြီးရင် ရုရှား နောက်ထပ် ကျူးကျော်မဲ့စစ်က ဖင်လန်လို့ တွက် ချက်ထားတဲ့အတွက် လိုအပ်တဲ့အကာအကွယ်တွေကို လုပ်နေရပါပြီ။

       ဖြစ်လာမဲ့ တိုက်ရိုက်ငလျင်တွေ၊နောက်ဆက် တွဲ သွယ်ဝိုက်ငလျင်တွေ အားလုံးဟာ ထရမ့်ရဲ့အဆုံး အဖြတ်ပေါ်မှာ မူတည်နေပါတယ်။ အဲ့ဒီ ငလျင်တွေက အမေရိကန်ကိုလဲ တန်ပြန်ရိုက်ခတ်လာပါလိမ့်ဦးမယ်။

ကနေဒါနဲ့ မက္ကဆီကို

       တရုတ်ဟာအမေရိကန်ရဲ့အကြီးဆုံး ကုန် သွယ်ဖက်နိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခု ကျော်ကြာခဲ့တယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က လိုငွေဟာ သုံးနှစ်အတွင်းမှာ $ 1 Trillionကျော်ဖြစ်ခဲ့တယ်။ တရုတ်က သွင်းကုန်တွေကိုလျော့ချခဲ့ပြီး အမေရိကန်ဟာ ကနေဒါနဲ့မက္ကဆီကိုက သွင်းကုန်တွေကို ဦးစား ပေးရင်းအမေရိကန်ရဲ့ ကုန်သွယ်ဖက်အကြီးဆုံးနဲ့ ဒုတိယအကြီးဆုံးက ကနေဒါနဲ့ မက္ကဆီကိုဖြစ်လာခဲ့ပါတယ်။ တရုတ်က တတိယအဆင့်လျော့ကျသွားခဲ့တယ်။

      ကနေဒါနဲ့မက္ကဆီကို ကုန်သွယ်ရေးမှာလည်း အမေရိကန်ဘက်က ကုန်သွယ်လိုငွေ အကြီး အကျယ်ပြခဲ့တာပါပဲ။ ဒါကြောင့်မို့ ထရမ့်က အမေရိကန်ရဲ့ ရေနံကိုပိုဝယ်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်။ မကြေညာတဲ့ ကုန်သွယ်စစ်ဖြစ်လာဖို့ အခြေအနေတွေပါ ။နောက်ပြဿနာ တစ်ခုက တရားမဝင် ရွှေ့ပြောင်းလာကြသူတွေဖြစ်ပါတယ်။ “ထောင်”ချီလူအုပ်ကြီး နယ်စပ်ကနေ အပျော်ခရီးထွက်သလို အမေရိကန် နိုင်ငံထဲဝင်လာကြတဲ့ တေပုံတွေ အတော်လေး တက်လာခဲ့တာ တွေ့လိုက်ရတယ်။ အဲ့ဒီအတွက်လည်း ထရမ့် လက်ထက်မှာ ပြန်လွှတ်ဖို့ အစီအစဉ်ရှိနေတယ်။ ကနေဒါနဲ့ မက္ကဆီကိုက လူတွေအများဆုံး ဖြစ်ပါတယ်။ အဲ့ဒီ လူတွေကို ပြန်မခေါ်ရင်သွင်းကုန်တွေကို အခွန်ပိုကောက်မယ်လို့ ထရမ့်ဘက်က ခြိမ်း ခြောက်ထားပါတယ်။

       အမေရိကန်ဟာ ကုန်သွယ်ဖက်နိုင်ငံတွေအတော်များများနဲ့ကုန်သွယ်ရာမှာ လိုငွေတွေအများကြီးပြခဲ့တယ်။ အဲ့ဒါဟာ ထရမ့်အတွက် ပြဿနာကြီး တစ်ခု ဖြစ်လာတယ်။ လိုငွေလျှော့ချဖို့ အတင်းအကြပ်ပြုရင်းကနေ နိုင်ငံများစွာနဲ့ မကြေညာတဲ့ ကုန်သွယ်စစ်တွေဖြစ်လာဖို့ အလား အလာတွေ ရှိနေပါတယ်။

အကြွေး … အကြွေး … အကြွေး

       ထရမ့်ခေါင်းခဲရမယ့်ပြဿနာတစ်ခုက National Debt ဆိုတဲ့ အကြွေးဖြစ်ပါတယ်။ လောလောဆယ် ဘိုင်ဒင့် လက်ထက် (၁၁)လအတွင်း S 1 Trillion အကြွေး ထပ်တက်သွားပြီး စုစုပေါင်း $ 36+Trillion ဖြစ်သွားခဲ့ပါပြီ။ Elon Musk က ဒီပြဿနာကို မရှင်းရင် မကြာခင်မှာအမေရိကန်ဟာ နိုင်ငံအဆင့် ဒေဝါလီခံရလိမ့်မယ်လို့ သတိပေးထားခဲ့သလို ဘဏ္ဍာရေးဝန်ကြီး ယဲလ်လင် ကလည်း တစ်စုံတစ်ခုနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်ရတော့မယ်လို့ သတိပေးထား
ပါတယ်။ ဒီနေရာမှာအကြွေးဆိုတာသုံးငွေက
ဝင်ငွေထက်ပိုလို့အကြွေးဖြစ်လာရတာပါ။ အစိုးရအသုံးစရိတ် ဖြတ်တောက်ရမှာ ဖြစ်ပြီးကုန်သွယ် လိုငွေတွေကိုလဲလျော့ချရတော့မှာ ဖြစ်ပါတယ်။ ပြည် တွင်းအသုံးစရိတ်တွေ လျှော့ချရင် ရောဂါတချို့ဝင်လာနိုင်ပြီး ပြည်ပအသုံးစရိတ်လျှော့ချရင်လည်း အမေရိကန်သြဇာကျဆင်းခြင်းနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ပြည်တွင်းပြည်ပအသုံး စရိတ်ကိုမလျှော့ချပြန်ရင်လဲအကြွေး တစ်နှစ်ကို $ 2 Trillion လောက်အမြဲ တိုးနေပါဦးမယ်။

       အတော်ခေါင်းကိုက်ရမဲ့ကိစ္စပါ။ ဆက်နွယ်အကျိုး ဆက်တွေက အများအပြားနဲ့စိန်ခေါ်မှုကြီးလှပါတယ်။

အရှေ့အလယ်ပိုင်းအရေး

       ဆီးရီးယားမှာအာဆတ်ပြုတ်ကျပြီး တူရကီနောက် ခံပေးထားတဲ့ HTS အစိုးရ တက်လာပေမယ့် ပြည် တွင်းစစ်က ရပ်မဆိုင်းသွားပါဘူး။ အမေရိကန်နောက်ခံ ပေးထားတဲ့ Kurd တွေနဲ့ပိုကြီးတဲ့ စစ်တွေ ဖြစ်လာဖို့ ရှိပါတယ်။ HTS အစိုးရလက်ထက်မှာ နယ်မြေချဲ့ထွင်ရေးလုပ်ပြရင်း ပိုဆိုးတဲ့အခြေအနေဖြစ်လာတယ်။ အစ္စရေးကဆိုရင် အသေးစားအဏု မြူဗုံး တစ်လုံးကို ဆီးရီးယားထဲမှာ ဝင်စမ်းသွားတယ်ဆိုတဲ့ပုံနဲ့ သတင်းတွေ တက်လာတာ တွေ့ရတယ်။ HTS အနေနဲ့ အကြမ်းဖက် ISIS တွေနဲ့ အခုအထိ အဆက် အသွယ် ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ ဆီးရီးယားမှာ အမေရိကန်က HTS ကို တည်မြဲအစိုးရအဖြစ်လက်ခံမလား …  မဖြစ်နိုင်ပါ။ Kurd တွေကိုအစွမ်းကုန်ပံ့ပိုးပေးရမှာ ဖြစ်ပြီး အစ္စရေးကိုလည်း အစွမ်းကုန်ပံ့ပိုးပေးပြီး တူရကီနောက်ခံအစိုးရမဖြစ်ရေး ကြိုးပမ်းကြရင် စစ်မီးပိုကြီးလာပါလိမ့်မယ်။

      ပူတင့်ရဲ့သတိပေးချက်မှာ အရှေ့အလယ်ပိုင်းပြဿနာတွေတဖြည်းဖြည်းနက်ရှိုင်းလာပြီး တတိယကမ္ဘာစစ်ကို ကူးစက်သွားနိုင်တယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြောလာတာ တွေ့ရတယ်။ နောက်ပြဿနာ တစ်ခုက အီရန်အရေးပါ။ အီရန်ကရမ့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ထရမ့်ပထမသက်တမ်းမှာကတည်းက အီရန်ကိုစစ်ပြုဖို့ကြိုးစားခဲ့ဖူးတယ်။ တစ်ကျော့ပြန်သမ္မတသက်တမ်းမှာတော့ ထရမ့်ဟာ အီရန်ကိစ္စကို အလေးအနက်ကိုင်တွယ်သွားမှာ သေချာသလောက်ပါပဲ။ စစ်ရေးနဲ့ပဲ ကိုင်တွယ်သွားမှာပါ။ ထုတ်လဲပြော ထားပါတယ်။ ထရမ့်စဉ်းစားနေတာက အမေရိကန် အနေနဲ့ အီရန်ကို တိုက်ရိုက်ကိုင်တွယ်မလား၊ အစ္စရေးကတစ်ဆင့် ကိုင်တွယ်မလား ဆိုတာပဲဖြစ်ပါတယ်။

       ဆီးရီးယားကျသွားပေမယ့် အီရန်အင်အားနည်းမသွားပါဘူး။ တောင့်တင်းခိုင်မာနေဆဲပါဆိုတာကို အီရန်ဘက်က စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု ပြုလုပ်ပြသခဲ့ပါတယ်။ အီရန်ဗဟိုပြုပြီးအရှေ့အလယ်ပိုင်းမှာ ထရမ့်က အကြီးစားငလျင်တစ်ခု ဖန်တီးပါလိမ့်မယ်။ “စစ်” တစ်ခုတည်းရှုထောင့်ကကြည့်ရင် အီရန်အနေနဲ့ တောင့်မခံနိုင်တာ သေချာပါတယ်။ ဒါပေမဲ့ အီရန်နဲ့စစ်ဖြစ်လာရင် အစ္စလာမ်ကမ္ဘာကြီးက အီရန်ဘက်က ပူးပေါင်းလာမှာဖြစ်ပါတယ်။ အဲ့ဒီကနေ အကျိုးစီးပွားဆိုင်ရာစစ်က ဘာသာရေးစစ်အထိ ကူးပြောင်းသွားနိုင်ပါတယ်။ တန်ပြန်ငလျင်တွေကို အမေရိကန်လက်ခံရပြန်ပါလိမ့်မယ်။

       အားလုံးကို ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင်တော့ ၂ဝ၂၄ လက်ကျန် မကောင်းမှုတွေဟာ ၂၀၂၅ မှာ ပိုကြီးထွားလာဖွယ်ရာသာ ရှိတယ်လို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။

#PAN