(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၂

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီချက်ရယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့၌ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျင်းပခဲ့သော G-20 အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ဒေါ်နယ်ထရမ့် ကြိုးပမ်းမှု များကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် သမ္မတရာထူးရယူခဲ့ပြီးနောက်ပိုင်း ယူကရိန်းပဋိပက္ခဆိုင်ရာ မူဝါဒကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရုရှားခေါင်းဆောင်များနှင့် စတင်ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ မကြာသေးမီရက်များအတွင်း ရုရှားနှင့် အမေရိကန်တာဝန်ရှိသူများ ရယူထားသည့် သဘောတူညီချက်များအပါအဝင် ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးအတွက် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံကထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရုရှားနှင့်အမေရိကန် ထိပ်တန်းသံတမန်များသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၌ တွေ့ဆုံ၍ ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီယာ့ဒ် ဆွေးနွေးပွဲတွင် ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် ရုရှား-အမေရိကန်ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews