
(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၁၂
ဗညားကျန်းထော
ခေါင်းဆောင်မှုအကြောင်းပြောရင် အကျယ်ကြီး၊ အများကြီးပဲ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ အရေးကြီးပါတယ်။ နယ်ပယ် ကျယ်ဝန်းသလောက် ပြောစရာတွေက များလှပေမယ့် ဒီနေရာမှာတော့ ဆက်ဆံရေးနဲ့ ခေါင်း ဆောင်မှုအကြောင်းကိုသာ မီးမောင်းထိုးပြီး ပေါ်လွင်ထင်ရှားအောင် မှတ်သားအသုံးချသူများ ကောင်းကျိုး ထိထိရောက်ရောက် ရရှိစေရအောင် တင်ပြပါမယ်။
ထိရောက်တဲ့ခေါင်းဆောင်မှုအပြည့်အဝရချင်ရင် အဓိကလိုအပ်ချက်က ဆက်သွယ်ပြောဆိုမှုစွမ်းရည်၊ ဆက်ဆံရေး အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ရပါမယ်။ အလုပ်လုပ်ကြတယ်ဆိုတာက မိသားစုလုပ်ငန်းပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းကြီးပဲဖြစ်ဖြစ်၊ ဌာနဆိုင် ရာ ရည်မှန်းချက်တာဝန်နဲ့ စုပေါင်းပါဝင် အကောင် အထည်ဖော်ကြရတဲ့ လုပ်ငန်းကြီးမျိုးပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့အတွင်းက အဖွဲ့ဝင်အချင်းချင်း၊ အညမညသဟဇာတဖြစ်ကြဖို့ အရေးကြီးတယ်။
ကြီးသူကို ငယ်သူက ရိုသေ။
ငယ်သူကိုကြီးသူကစာနာညှာတာ။
အပြန်အလှန်မေတ္တာ၊သံယောဇဉ်
ရှိကြရပါတယ်။
အပြန်အလှန်လေးစားရိုသေရမယ်။
ယုံကြည်စိတ်ချရမယ်။
သစ္စာရှိရမယ်။
ခင်မင်မှု၊ ယုံကြည်မှုမရှိဘဲ ရာထူးအရ ခေါင်း ဆောင်နေသူက ငါပြောတဲ့ အမိန့်ကို ငယ်သားကနာခံရမယ် ဆိုတဲ့ သဘောထားနဲ့ဆက်ဆံလို့ လွဲမှားတဲ့ သင်ခန်းစာဖြစ်ရပ်တွေ အများကြီးပါပဲ။အချင်းချင်း၊ ခင်မင်မှု၊ ယုံကြည်မှုရှိပြီးမှသာ တာဝန်ပေးလာတာကို ကြည်ကြည်ဖြူဖြူစိတ်ပါလက်ပါ ပူးပေါင်းဆောင် ရွက်ကြမှာဖြစ်ပါတယ်။ ဗိုလ်သင်တန်းဆင်းစ အရာရှိပေါက်စု တချို့ဟာ မိမိနေရာတပ်ရင်း၊ တပ်ဖွဲ့မှာ အသက်အားဖြင့် အတွေ့အကြံအားဖြင့် ကြီးရင့်ကြတဲ့ ဆရာကြီးတွေနဲ့ မကြာခဏ ပြဿနာ ရှိတတ်ကြတယ်။ ဆက်ဆံရေးတည်ဆောက်မှုနဲ့ ခေါင်းဆောင်မှုဆိုတာ ဆက်စပ်နေပါတယ်။

အစိတ်အပိုင်းအမျိုးမျိုးမှာ စုပေါင်းဆက်စပ်ပါဝင်ကြရတဲ့ လုပ်ငန်းဆောင်တာကြီးတွေမှာ အသင်းအဖွဲ့စိတ်၊ တပ်ရင်းတပ်ဖွဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားစိတ် ရှိကြရပါတယ်။ ရဲဘော်စိတ် (Spirit-De-Corps)လို့ ခေါ်တာပေါ့။ ငါ့တပ်ရင်းအတွက် ငါ့အသက်စွန့်ပြီး ဂုဏ် ရည်မြှင့်တင်မယ်ဆိုတဲ့ခံယူချက်သဘောထားမျိုးဟာ အချင်းချင်းအပေါ် ချစ်ခင်တွယ်တာမှုသံယောဇဉ်ကြောင့် ရဲဝံ့စွန့်စားတာ ဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲဝင်တပ်ရင်း၊ တပ်ဖွဲ့မျိုးတွေမှမဟုတ်ပါ။ ကုမ္ပဏီတွေ၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အသင်းအပင်းအဖွဲ့အစည်းတွေလည်း မိမိတို့ရဲ့ ဂုဏ်သတင်းအတွက် အားတက်သရော၊ စိတ်ပါလက်ပါ အနစ်နာခံ၊ အပင်ပန်းခံ ပါဝင်လုပ်ဆောင်ကြတာလဲ ဒီသဘောပါပဲ။ အသင်း အဖွဲ့အတွင်း အချင်းချင်း ဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင် အကျင့်စာရိတ္တ၊ ကျင့်ဝတ်ကောင်းကြရမယ်။ ကတိတည်မှုရှိရမယ်။ အာရုံစူးစိုက်မှု၊ ရက် ရောမှု၊ သင်ယူနိုင်စွမ်းရှိမှု၊ ဆက်သွယ်ပြောဆိုတတ်မှု၊ ပေါင်းသင်းဆက်ဆံ တတ်မှုတွေ ဖွံ့ဖြိုးကောင်းမွန်စေရမယ်။ ခေါင်းဆောင်က အမြင်ကျယ် ရတယ်။ စည်းကမ်းရှိရတယ်။ လက် အောက်ငယ်သားက လိုလိုချင်ချင် နှစ်နှစ်ကာကာ ပူးပေါင်းလုပ်ဆောင်နာခံတာဟာ သြဇာရှိခြင်းပါ။ အဲဒါက ခေါင်းဆောင်မှု ရာထူး၊ လစာ၊ တာဝန်အရ အထက်အရာရှိရယ်လို့ သတ်မှတ်ပေးထားပေမယ့် လက် အောက်ငယ်သားတွေက မရို သေချင်၊ မချစ်ခင်နိုင် ပူးပေါင်းဆောင်ရွက်လိုမှုမရှိ၊ အထင်မကြီးလက်မခံချင်ဘူးဆိုရင် ခေါင်း ဆောင်မှုမရသေးဘူး။ သြဇာမသက်ရောက်သေးဘူး။
အတူသွား၊ အတူစား၊ အားကစားပျော်ပွဲရွှင်ပွဲ စသဖြင့် ထိတွေ့မှုများနဲ့ ရင်းနှီးချစ်ခင်အောင် အရင်ဆုံးလုပ်ရပါတယ်။ အပြန်အလှန် ခင်မင်ပြီးရင် လေးစားမှု၊ နားလည်မှုရအောင်၊ ခေါင်းဆောင်က လုပ်ဆောင်ရပါတယ်။ကြင်ကြင်နာနာ၊ ချိုချိုသာသာဆက်ဆံပေးရင် သားသမီး၊ ကလေး သူငယ်ပဲဖြစ်ဖြစ်၊ ခွေးလေး၊ ကြောင်လေး၊ ကြက်လို၊ ဝက်လို၊ အိမ်မွေးတိရစ္ဆာန်ပဲဖြစ်ဖြစ်၊ တုံ့ပြန်ချစ်ခင်လာတာပါ။ ငေါက်လိုက် မာန်လိုက်ဆူလိုက်ပူလိုက် အပြစ်တင်ငြူစူတာတွေပဲ ပြောဆိုနေတဲ့ ခေါင်းဆောင်မျိုးဆိုရင် လက်အောက်ငယ်သားအပေါ် သြဇာမရှိဘူး။
ဆက်ဆံရေးဟာ တော်တော်အရေးကြီးတာပဲနော်။ အဲသလိုယူဆရင် တကယ်တော့ မမှန်သေးဘူး။ ကြီး မားတဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုဆိုတာ လူအများ ပူးပေါင်းပါဝင်လုပ်ဆောင်ကြတဲ့ စုပေါင်းစုစည်းစွမ်းအား (Synergy)သဘောကြောင့် ပေါ်ထွက်လာတာပဲ။
မြတ်စွာဘုရားက ဆရာကောင်း၊ အမှီကောင်းရရှိဖို့ အရေးကြီးကြောင်း အလေးအနက်ဟောတော်မူတယ်။
သပ္ပုရိသဉ္စနိသယျစက်။
သရုပ်ပြဆရာ၊ နည်းပြဆရာ၊ သင်ကြားပြသသူ၊ ကောင်းမွန်သော လမ်းညွှန်ပြသတဲ့ဆရာ ရတယ်ဆိုရင် လျင်လျင်မြန်မြန် ထွန်းထွန်းပေါက်ပေါက်အောင်မြင်တယ်တဲ့။ စက်လေးပါးထဲမှာ
အဲဒီတစ်ချက် ထည့်သွင်းဟောကြားခဲ့ဖူးပါတယ်။
သမ္မာဒါတရား လေးပါးဆိုတာ အခြားဆီလျော်ရာ အခြေအနေတစ်ရပ်မှာ ဒီဃာဇာဏုမင်းသားမေးလို့ တက္ကရပတ္တနိဂုံးမှာ ဖြေကြားဖူးပါတယ်။ စာဖတ်သူများ ကြားဖူးသိဖူးပြီးသားလည်း ဖြစ်ကောင်း ဖြစ်ပေမယ်။
ဥဋ္ဌာနသမ္ဗဒါ ကိုယ်ကိုယ်တိုင်ကြိုးစားမှုဝီရိယ၊ ကလျာဏမိတ္တသမ္ဗဒါ၊ မိတ်ကောင်းဆွေကောင်း၊ သမဇီဝိတတာ၊ မှန်ကန်မျှတစွာအသက် မွေးခြင်း၊ အာရက္ခသမ္ဗဒါ၊ လုံခြုံစွာကာကွယ်နိုင်
ခြင်း။
ဒုတိယလိုအပ်ချက်ဟာ မိတ်ကောင်း ဆွေကောင်း၊ ကလျာဏမိတ္တ ရှိပါမှသာ ကြီးကြီးမားမား ထူးထူးခြားခြား အောင်မြင်စွာ အောင်ပွဲကြီးများ ရစေနိုင်တယ်လို့ (ဘုရင့်သားလောင်း၊ ဘုရင်လောင်း၊ စစ်သူကြီးကိုသိဖို့ လိုအပ်တဲ့အတွက် ဖြေကြားတော်မူတာနော်။
စတုတ္ထအတွက် တိုင်းပြည်နိုင်ငံ သာယာ ဝပြောဖို့ရာ တိုးတက်စည်ပင်ဖို့ရာဆိုရင် အေးချမ်းစွာ ပြည်သူတွေ နေထိုင်လုပ်ကိုင်နိုင်အောင် လုံခြုံအောင်ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်စစ်သည်တပ်၊ စစ်အင်္ဂါလေးပါးနဲ့ သေသေ ချာချာ ကာကွယ်ပေးနိုင်ရမယ် ဆိုတာလည်း ပါတယ်နော်။
စစ်မက်ဆိုတာကတော့ ပြည်ပ ပြည်တွင်းဘယ်ကဖြစ်ဖြစ် မငြိမ်မသက် မလုံမခြုံဖြစ်စေတာမို့ နိုင်ငံအတွက် လူမျိုးအတွက် ကောင်းမွန်အကျိုးရှိစရာ မမြင်ပါ။ သက်ဆိုင်ရာ စစ်မက်အင်္ဂါများနဲ့ ပြည်သူ ပြည်သားများရဲ့ စိုက်သူပျိုးသူ၊ ကုန်ထုတ်လုပ်သူ၊ ကုန်စည်ကုန်ထွက် ရောင်း ဝယ်ဖောက်ကားသူတွေ လုံလုံခြုံခြုံလွတ်လွတ်လပ်လပ်အလုပ်အကိုင် အဆင်ပြေတဲ့ ငြိမ်းချမ်းအေးချမ်းမှုရှိမှ နိုင်ငံပြည်သူ အေးချမ်းတိုးတက်စေမှာပေါ့။ လူတစ်ဦးချင်းမိသားစုတစ်စုချင်း
အတွက်သာ စဉ်းစားဖို့ဟောတဲ့ တရားမဟုတ်ပါ။ မင်းသားက ကြီးပွားကြောင်းတရားများ ရှိပါသလား။ ရှိရင်သိလိုပါတယ်။ ဟောကြားတော်မူပါလို့ မေးလျှောက်တဲ့အတွက် ဖြေတဲ့တရားနော်။ ဒီဃဇာဏှသုတ်လို့ခေါ်တဲ့ သမ္မဒါတရားလေးပါး တရားတော်၊ မိတ်ကောင်းဆွေကောင်းရယ်၊ လုံခြုံရေးရယ်။
လောကမှာ ကြီးပွားချမ်းသာ ထူးထူးခြားခြား အောင်မြင်သူတွေကိုလေ့လာကြည့်လိုက်ပါ။ အပေါင်း အသင်းကောင်းများ၊ မိတ်ဆွေများ၊ ပါတီဝင်များ၊ ထောက်ခံအားပေးကြသူများ ထောက်ပံ့ကူညီကြသူများ၊ လေးစားကြည်ညိုကြသူများက ဝန်းရံတဲ့အတွက် အောင်မြင်ထွန်း ပေါက်ကြတာအမှန်ပါ။
ဆင်းရဲနွမ်းပါးစားစရာမရှိ၊ နေစရာမရှိ၊ အတိဒုက္ခရောက်နေကြရှာသူတွေကို လေ့လာကြည့်လိုက်ပါ။ သူတို့မှာ ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယ၊ တစ်ချိန်က ရှိချင်ရှိခဲ့မယ်။ ရှိချင်မှလည်း ရှိမယ်။ လက်ရှိအခြေ အနေမှာတော့ သူ့ကို ကူညီထောက်မ ကယ်တင်ကြမယ့် မိတ်ဆွေကောင်းကင်းမဲ့နေလို့သာ ယခုလို လမ်းဘေးရောက်နေတာပဲ မဟုတ်လား။ ဒီနေရာမှာ အခြားအချက်တွေ မဖော်ပြတော့ပါ။ မိတ်ကောင်းဆွေကောင်းသာ ရှိခဲ့ရင် အရင်းအနှီးချေးငှားထုတ်ပေး
မယ်။ အလုပ်လုပ်ပါဆိုပြီး ကူညီမဲ့သူတွေ ရှိနေရင် လမ်းပေါ်ဘယ်ရောက်မလဲ။
ဆင်းရဲနွမ်းပါးရှာသူ၊ ဆွေမျိုးသားချင်း မျိုးနွယ်ကို တရုတ်ဘုံကျောင်းက အရင်းအနှီးထုတ်ပေးပြီး ကြည့်ရှုစောင့်ရှောက်ပေးတာမျိုးပေါ့။ တစ်ကြိမ် အဆင်မပြေသေးရင် နောက်တစ်ကြိမ် ထပ်မံပြီး အတိုးမဲ့ငွေထုတ်ချေးသေးတာပဲ။ နှစ်ကြိမ် သုံးကြိမ်ကုန်ကူး၊ ရောင်းဝယ်လုပ်လိုက်တဲ့အခါ ဆင်းရဲတွင်းက လွတ်မြောက်သွားတယ်လေ။ ကလျာဏမိတ္တသမ္မဒါဆိုတာ လက်တွေ့သာဓကပါပဲ။
စာဖတ်သူအတော်များများလည်း ကြားဖူးသိဖူးကြမှာပါ။ မြတ်စွာဘုရားက ညီတော်အာနန္ဒာကို သင်ကြားပြသတဲ့ တရားတစ်ပုဒ်လေ။ အခါ တစ်ပါးဝယ် ညီတော်အာနန္ဒာအား မြတ်စွာဘုရားသခင်ကို အနီးကပ်ကြည်ညိုချစ်ခင်စွာ တစိမ့်စိမ့် ကြည့်နေရင်းက သူ့စိတ်ထဲမှာပေါ်လာတဲ့ အမြင်တစ်ခုကို အတည် ပြု၍ မြတ်စွာဘုရားသခင်ကို ဒီလိုလျှောက်ထားပါသတဲ့။
“အရှင်ဘုရားလမ်းမှန်လမ်းကောင်းကို ပြညွှန်တဲ့မိတ်ကောင်းဆွေကောင်း၊ ဆရာသမားကောင်းကို ရရှိတယ်ဆိုရင် ထိုသူဟာ သူ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ခရီးအတွက် ခရီးတစ်ဝက်ရောက်ပြီးတာနဲ့ညီတယ်လို့ တပည့်တော်ကထင်မြင်ယူဆမိပါတယ်ဘုရား၊ မှန်ပါသလားဘုရား”၊
ဘုရားရှင်က-
“မမှန်ဘူး”လို့ဖြေတယ်။
သူလျှောက်တင်တာကို မသဲကွဲလို့လားညီတော်အာနန္ဒာက အပါးတိုးကာ ထပ်မံလျှောက် ထားပြန်ပါတယ်။
“မဟုတ်ဘူး အာနန္ဒာ”
အာနန္ဒာက တတိယအကြိမ် ဒါကိုပဲ ထပ်မံပြီး အသံမြှင့်ကာ ထပ်မံတင်လျှောက်ပြန်ပါသတဲ့။ ဘုရားရှင် နားမရှင်းရှာဘူး ထင်လို့ပေါ့။
“မဟုတ်သေးဘူး”တဲ့။
ညီတော်အာနန္ဒာ အံ့သြငေးမော၊ သုံးကြိမ်တိုင်တိုင် အတိအလင်း ငြင်းတော်မူသတဲ့။
ညီတော်အာနန္ဒာ သင်လျှောက် ထားတာကို နားလည်ပါတယ်။ ကြည်ညိုသဒ္ဓါစိတ်နဲ့ လျှောက်တင်တာကို သိတယ်၊ သို့သော် မမှန်သေးဘူး၊အမှန်တရားကတော့ မိတ်ကောင်းဆွေကောင်း၊ ဆရာသမားကောင်း၊ အမှီကောင်း(ခေါင်းဆောင်ကောင်းသဘောပေါ့)ရရှိသူဟာ မိမိရည်မှန်းချက်ပန်းတိုင် အောင်မြင်ခြင်းအတွက် ရာခိုင်နှုန်း ၁ဝဝ အောင်မြင်ပြီးစီးတယ်လို့ ဆိုနိုင်တယ်”တဲ့။
ချစ်စွာသော စာဖတ်သူများခင်ဗျာ၊ လူတစ်ယောက် အောင်မြင်ထွန်းပေါက်ချင်တယ် ဆိုရင် ဆရာကောင်း၊ အမှီကောင်း၊ မိတ်ဆွေကောင်းကိုသာ သေသေချာချာတွေ့အောင် ရွေးချယ်ပေါင်းပါ။ မိမိဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်အောင် မြင်ရေးဟာ ရာနှုန်းပြည့်သေချာပေါက် ခရီးရောက်တာနဲ့အတူတူပဲဆိုတာ အလွန်တရာ ထူးခြားမွန်မြတ်၊ အံ့အားသင့်လောက်တဲ့ မြတ်စွာ ဘုရားရဲ့ လမ်းညွှန်ပြသသင်ကြားချက် (ဗုဒ္ဓသာသနာ)တရားတော်ပါခင်ဗျာ။
ခေါင်းဆောင်မှုအောင်မြင်ချင်ရင် ဆရာကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း၊တပည့်ကောင်း၊ အပေါင်းအသင်းကောင်းတွေ ရှိစေရပါမယ်။ ဒါဟာ မိမိရည်မှန်းချက်ပန်းတိုင် အောင်မြင်ရေးအတွက် ရာနှုန်းပြည့် အာမခံချက်ရှိတဲ့ နိယာမပါကလား၊ မိမိက ပေါင်း သင်းဆက်ဆံရေး၊ ဆက်သွယ်မှု၊ ပြောဆိုမှု၊ ထိတွေ့မှု၊ ချစ်ခင်မှုရှိရမှာပါတကား။ ကောင်းလေစွ။
#PAN