
(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၉
နေဇင်လတ်
အမေရိကန်မှာ အဓိကပါတီကြီး နှစ်ခုရှိတယ်။ Democratic Party နဲ့ Republican Party တို့ဖြစ်ကြပြီး နိုင်ငံရဲ့သမ္မတရာထူးကို တစ်ပြန်တစ်လှည့်စီ ရယူနေကြတာ နှစ်ပေါင်းရာချီခဲ့ပြီဖြစ်ပါတယ်။ Democratic ပါတီကို ၁၈၂၈ မှာတည်ထောင်ခဲ့ပြီး Andrew Jackson နဲ့ Martin Van Buren တို့က စတင်တည်ထောင်ခဲ့တယ်။ အမှတ်တံဆိပ်က “မြည်း”ဖြစ်ပြီးအပြာရောင်က ကိုယ်စားပြုတယ်။ ဒီမိုကရက်ထောက် ခံမှုများတဲ့ ပြည်နယ်တွေကို Blue States လို့ သုံးလေ့ ရှိတယ်။
Republican Party ကို ၁၈၅ဝ မှာတည် ထောင်ပြီး စတင်တည်ထောင်သူတွေကတော့ . Abraham Lincoln နဲ့အတူ အခြားသူတချို့ ဖြစ်ပါတယ်။ သင်္ကေတကတော့ ဆင်ရုပ်ဖြစ်ပြီး အနီရောင်နဲ့ ကိုယ်စားပြုတယ်။ ရီပါတ်ဘလစ်ကင်အားကောင်းတဲ့ ပြည်နယ်တွေကို Red States လို့ခေါ်လေ့ရှိပါတယ်။ Republicn ပါတီကို GOP နဲ့ Democratic ပါတီကို DOJ လို့လဲ အတိုကောက်ခေါ်လေ့ရှိတယ်။ Joe Biden က ဒီမိုကရက်ပါတီကဖြစ်ပြီး Donald Trump က Republican ပါတီက ဖြစ်တယ်။ Trump က (၂၀၁၆ – ၂၀၂၁) မှာ သမ္မတတစ်ကြိမ်ဖြစ်ခဲ့ပြီး Biden ကို ရှုံးနိမ့်ခဲ့တယ်။ ၂၀၂၄ မှာ Trump က Biden ကို ပြန်အနိုင်ရခဲ့တာဖြစ်ပြီး (၂၀၂၅-၂၀၂၉)အထိ သမ္မတတာဝန်ကို ထမ်းဆောင်မှာဖြစ်ပါတယ်။
မီဒီယာကဏ္ဍနဲ့ ရွေးကောက်ပွဲ

အမေရိကန်ဟာ ဗြိတိသျှတွေဆီက ၁၇၇၆ မှာ လွတ်လပ်ရေးရခဲ့ပြီး US ဆိုတဲ့နိုင်ငံကို တည်ထောင်ခဲ့တာပါ။ သတင်းစာတွေခေတ်က ရွေးကောက်ပွဲဟာ သိပ်ကြီးကြီးမားမားမလှုပ်ခတ်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းသတင်းမီဒီယာတွေ အား ကောင်းလာပြီး အမေရိကန် ရွေးကောက်ပွဲရော၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရွေး ကောက်ပွဲတွေရောဟာ သတင်းမီဒီယာရဲ့လွှမ်းမိုးမှုကို အနည်းအများ မလွန်ဆန်နိုင်ကြတော့ပါဘူး။ ပထမပိုင်းမှာသတင်းမီဒီယာတွေက သတင်းကို မှန်မှန်ကန်ကန်ဖော်ပြခဲ့ကြပေမယ့် နောက်ပိုင်းနိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကိုခံခဲ့ကြရပြီး သတင်းမီဒီယာတွေ ဘက်လိုက်မှု ကြီးကြီးမားမား ဖြစ်လာခဲ့ကြတယ်။
လူတစ်ဦးတစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ ပါတီတစ်ခုအနေနဲ့ဖြစ်ဖြစ် ဘယ်လောက် တော်တော် သတင်းမီဒီယာကိုမကျော်နိုင်ပါဘူး။ ရှေးအမေရိကန်တွေက မှန် ကန်တဲ့ အရည်အချင်းပေါ်ရပ်တည်ကြပြီး နှောင်းအမေရိကန်တွေက အရည်အချင်းထက်ပိုပြီး သတင်းမီဒီယာတွေအားကိုးနဲ့ရွေးကောက်ပွဲဖြတ်သန်းလာကြတာများနေပါတယ်။
အမေရိကန်ပါတီကြီးနှစ်ခုမှာမီဒီယာအုပ်စုကြီးနှစ်ခုရှိကြတယ်။ ဒီမိုကရက်တွေက မီဒီယာအသုံးချမှုပိုင်းမှာ ပိုပြီးအားသာတယ်လို့ပြောလို့ရပါလိမ့်မယ်။ Democrat com
– CNN
– New York Times
– PBS
– NRR
– NBC တွေကိုကိုင်ထားကြပြီး
– Republican တွေက
– Fox News
– Hannity (Radio)
– Limbaugh (Radio)
– ABC
– CBS တွေကို အသုံးပြုကြတယ်။
လူထုကိုပိုပြီး ဆွဲဆောင်နိုင်တဲ့ဘက်က ကြည့်ရင် Democrat ဘက်က မီဒီယာတွေက ပိုပြီး သာလွန်တာတွေ့ရပါလိမ့်မယ်။
ဆိုရှယ်မီဒီယာခေတ်
သတင်းမီဒီယာခေတ်ကိုသမားရိုးကျခေတ်လို့သတ်မှတ်ပြီး ဆိုရှယ်မီဒီယာခေတ်ကို ခေတ်သစ်မီဒီယာလို့သတ်မှတ်ကြတယ်။ သမားရိုးကျထက် ဆိုရှယ်မီဒီယာတွေက ထိုးဖောက်အားပိုကောင်းတာတွေ့ရတယ်။
• သတင်းကိုအချိန်နဲ့တစ်ပြေးညီ ရရှိနိုင်ခြင်း
• နေရာဒေသမရွေး သတင်းဝင်ရောက် ကြည့်ရှုနိုင်ခြင်းတွေကြောင့် ဖြစ်ပါတယ်။
သမားရိုးကျ သတင်းမီဒီယာတွေအနေနဲ့ သတင်းရိုက်ယူ၊ တည်းဖြတ်၊ သူ့အချိန်ပိုင်းကျမှ လွှင့်ရတာဖြစ်လို့ သတင်းမဦးနိုင်ပါဘူး။ ဆိုရှယ်မီဒီယာမှာကျတော့ Hand Phone နဲ့ရိုက်ယူ၊ ဖုန်းပေါ်မှာ တည်းဖြတ်ပြီး မည်သူမဆိုချက်ချင်းလွှင့်ထုတ်နိုင်တာက သမားရိုးကျ မီဒီယာတွေ မယှဉ်နိုင်တဲ့အချက်ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကို အသုံးပြုသူက နေ့ချင်းညချင်း ဘီလီယံချီတိုးပွားလာပြီး သမားရိုးကျ မီဒီယာတွေဘက်မှာတော့ ကြည့်ရှုသူတွေ အတော်ကျဆင်းသွားပါတယ်။

အမေရိကန်မှာဆိုရင် Twitter က တစ်ချိန်ကထိပ်ကပြေးနေခဲ့တယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာသူဌေးကြီး Elon Musk ကTwitter ကို $ 44 Billion နဲ့ဝယ်ယူခဲ့တယ်။ ဆော်ဒီက အဓိက Share ရယူထားတယ်လို့သိရတယ်။ Musk က တွစ်တာကို ‘X’လို့ နာမည်ပြောင်းခဲ့တယ်။ ၂ဝ၂၄ ရွေးကောက်ပွဲမှာ “X” ရဲ့အစွမ်းကို ကောင်းကောင်းပြသနိုင်ခဲ့ပြီး Trump ကို သမ္မတအဖြစ်ရောက်အောင် အများကြီး ကူညီနိုင်ခဲ့တယ်လို့ဆိုတယ်။ ဒီအပြင် US, Germany နဲ့ နိုင်ငံအတော်များများရဲ့ ရွေးကောက်ပွဲတွေအထိ“X”က
လွှမ်းမိုးထားနိုင်ပြီး ပြည်သူတွေရဲ့ စိတ်တွေကို အပြောင်းအလဲ ဖြစ်စေနိုင်စွမ်းရှိနေပါတယ်။ Germany ဆိုရင် သူတို့ ရွေးကောက်ပွဲမှာ Elon Musk က ဝင်ပြီး ခြေရှုပ်နေတယ်လို့တောင်ပြောယူရတဲ့ အခြေအနေဖြစ်အောင် ‘X’ ရဲ့အားက ကောင်းလွန်းနေပါတယ်။
၂၀၁၆ ရွေးကောက်ပွဲမှာလဲ ထရမ့်သမ္မတဖြစ်လာအောင် ရုရှားက ကူညီခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့တယ်။ Russiagate လို့ နာမည်ကြီးခဲ့ဖူးတယ်။ လွှတ်တော်ကစစ်ဆေး (Henring) ရတဲ့အထိ ကြီး ကျယ်သွားပါတယ်။ Facebook သုံးစွဲသူသန်း ၁၀၀ ရဲ့ အချက်အလက်တွေကို Analytica က တစ်ဆင့် ဝယ် ယူပြီး ရုရှားဘက်က Facebook သုံးစွဲသူတွေ ကစားခဲ့တဲ့နည်း ဖြစ်ပါတယ်။ သမားရိုးကျ သတင်းမီဒီယာတွေကို အချိန်တိုင်း ကြည့်လို့မရပေမဲ့ Social Media တွေကို ၂၄/ ၇ ကြည့်လို့ရတာက အလွန်နှိုင်းတုလို့မရတဲ့ အားသာချက်ကြီးပါ။
၂၀၁၆ Trump သမ္မတဖြစ်လာတာဟာ Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာကြောင့်ဆိုတဲ့ သတင်းအပြီးမှာ ဆိုရှယ်မီဒီယာတွေရဲ့ကဏ္ဍဟာ မြင့်မိုရ်တောင်အထိ မြင့်တက်သွားပါတော့တယ်။ ဒီနေ့ဆိုရင် “X’ Meta’ မပိုင်ရင် ဘာမှ မလုပ်နဲ့ဆိုတဲ့ ဆိုရိုးစကားအထိတောင် ထွက်လာခဲ့ပါပြီ။ ‘X’ ပိုင်ရှင် Elon Musk နဲ့ “Meta” ပိုင်ရှင်ဇူကာဘတ်တို့ဟာလည်း မီဒီယာလောကမှာ အပြိုင်နတ်နေ ကိုင်းတွေ ဖြစ်လာခဲ့ကြပါပြီ။ အမေရိကန်နိုင်ငံရေးကို ကစားနိုင်တဲ့သူတွေ၊ အခြားနိုင်ငံတွေရဲ့နိုင်ငံရေးကို ဝင်ခြေရှုပ်နိုင်တဲ့သူတွေအဖြစ် ပူဇော်ပသခံတွေလဲ ဖြစ်လာခဲ့ကြပါတယ်။
အားလုံးကို “ကင်”လိုက်တဲ့ TIk Tok

ဆိုရှယ်မီဒီယာမှာ ကိုယ့် Platform နဲ့ကိုယ်ဖြစ်ပြီး ကိုယ့်ပုံစံနဲ့ကိုယ်လည်း ဒီဇိုင်းပြုထားကြတယ်။ Twitter ဆိုရင် မူလပေါ်စဉ်က စကားလုံးပေါင်း ၂၅ဝ ထက်ပိုရေးခွင့်ပေးမထားပါဘူး။ ဆူလွယ်နပ်လွယ်စာတိုလေးတွေနဲ့ အချိန်မရွေး “ထရေးနိုင်တဲ့ပုံစံပါ။ ပျံ့နှံ့အားကောင်းပြီး သုံးစွဲရလွယ်ကူတာကြောင့် Twitter က ကနဦးမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။
Facebook က ပုံစံတစ်မျိုးပါ။ ပုံတွေတင်လို့ရတယ်။ စာတွေအများကြီး ရေးလို့ရတယ်။ ကြိုရေး ထားပြီး လွှင့်ချင်တဲ့အချိန်ကို Schedule နဲ့ တင်လို့ရတယ်။ Function ပိုကောင်းတယ်၊ ဆွဲဆောင်အား ပိုကောင်းတယ်လို့ဆိုရပါလိမ့်မယ်။ ဒါကြောင့် နောက် ပိုင်းမှာ Facebook က Twitter (X) ထက် ပိုပြီးအောင် မြင်သွားခဲ့ပါတယ်။ (မြန်မာနိုင်ငံလိုမျိုးမှာတော့ Facebook က အတော့်ကိုဘက်လိုက်တာတွေ့ရတယ်။
စာရေးသူဆိုရင်Facebookမှာအကောင့် ဖွင့်ခွင့်တောင်မရတော့ပါဘူး။ AI ခေတ်ဖြစ်လာတော့သူတို့ထိန်းချုပ်လို့ ပိုကောင်းသွားပါတယ်။)
“X” ကိုရော ” Meta” ကိုရော ကျော်ဖြတ်သွားတာကတော့ တရုတ် ByteDance ကပုံစံပြုလိုက်တဲ့ TikTok ဆိုတဲ့ဆိုရှယ်မီဒီယာပါပဲ။ လူကြီး၊ လူလတ်၊ လူငယ်မရွေး အကြိုက်တွေ့ကြပြီးသုံးစွဲသူတွေ အသည်းစွဲဖြစ်လာတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်လာပါတယ်။ အမေရိကန်မှာတင်သုံးစွဲသူပေါင်း ၁၇၁ သန်းရှိတယ်လို့ဆိုတယ်။ “X”အသုံးပြုသူက အမေရိကန်မှာသန်း ၁၀၀ ပဲ ရှိပြီး Facebook သုံးစွဲသူပေါင်းက ၁၉၃ သန်း ဖြစ်ပါတယ်။ Facebook သုံးစွဲသူတွေကို ၂၀၂၅ မှာ Tik Tok သုံးစွဲသူ အရေအတွက်က ကျော်ဖြတ်မယ်လို့ ခန့်မှန်းကြတယ်။ Facebookကကန့်သတ်မှုတွေများလာပြီး Tik Tok က ပိုပြီး လွတ်လပ်တယ်လို့ မြင်လာကြတယ်။ FB User တွေအများအပြား Tik Tok ဘက်ကိုရွှေ့ ပြောင်းလာကြတာ တွေ့ရတယ်။
တစ်ကမ္ဘာလုံးမှာ Tik Tok သုံးစွဲသူပေါင်း ၂ ဒသမ ၀၅ Billion ရှိပြီး “X” အသုံးပြုသူက ၆၁၁ သန်းပဲရှိပါတော့တယ်။ Facebook က 3 Billion တစ်ကမ္ဘာလုံး သုံးစွဲသူ ရှိနေဆဲပါ။ အနာဂတ်အလားအလာကို တွက်ချက်ကြရာမှာ “X”က အကျဘက်နဲ့ Facebook က အတက်နှုန်းနှေးကွေးနေပြီး Tik Tok က တက်အားကောင်း နေတယ်လို့ တွက်ချက်ကြတာ တွေ့ရတယ်။
ကြီးသုံးကြီးတို့အားပြိုင်ကြမယ်

ခေတ်သစ်ဆိုရှယ်မီဒီယာမှာအားပြိုင်နေကြတာက“X” ““Meta” နဲ့ “Tik Tok”ဆိုတဲ့ ကြီးသုံးကြီးဖြစ်ပါတယ်။ ကြီးသုံးကြီးအရှင်သခင်တွေက ဆိုရှယ်မီဒီယာကဏ္ဍမှာရော နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှာရောက နတ်နေကိုင်းကြီးသုံးကိုင်းဖြစ်ခဲ့ပြီး ပြိုင်သူမဲ့တွေ ဖြစ်လာခဲ့ကြပါပြီ။
AI ခေတ်မှာ AI ကိုကောင်းကောင်းအသုံးချပြီး ဆိုရှယ်မီဒီယာနဲ့ တွဲဖက်လို့အကောင်းဆုံးက Tik Tok ဖြစ်လာတာက အမေရိကန်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် အမေရိကန် ရွေး ကောက်ပွဲတွေ၊ ပြည်တွင်း ပြည်ပအရေးအရာတွေမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတော့တယ်။ “X”ကို Elon Musk က ပိုင်ဆိုင်ပြီး အမေရိကန် Citizen ပါ။ Meta ကိုလည်း Mark Zuckerburg က ပိုင်ဆိုင်ထားပြီး အမေရိကန် Citizen ဖြစ်ပါတယ်။ သူ့ဇနီးက တရုတ်လူမျိုး၊ အမေရိကန်နိုင်ငံသားဖြစ်တယ်။ Tik Tokရဲ့အရှင်သခင်က ByteDanc တည် ထောင်သူ တရုတ်လူမျိုး Zhang Yiming ဖြစ်နေတာက အမေရိကန်တွေရဲ့ မျက်လုံးမွေးစူးစရာဖြစ်လာခဲ့ရပါတယ်။
Tik Tok CEO Yiming အမေရိကန်လွှတ်တော်မှာ ကြားနာမှုခံလိုက်ရပါသေးတယ်။ အလျှောက်ကောင်းလို့ အထောင်းသက်သာခဲ့တယ်။ ဒါပေမဲ့ Biden အိမ်ဖြူတော်က မထွက်ခွာခင်မှာတော့ Tik Tok ကို ကောင်းကောင်း ဒုက္ခပေးသွားခဲ့ပါတော့တယ်။ အဲ့ဒါကတော့ဘာလဲဆိုရင်-
• Tik Tok ကိုအပိတ်ခံမလား
• အမေရိကန်လုပ်ငန်းရှင် တစ်ဦးဦးကို ရောင်းချမလား။
Tik Tok CEO Ymin က နောက်တက်လာမယ့် သမ္မတ Trump ဆီကိုအခစားဝင်ရပါတော့တယ်။ Trump က ပထမပိုင်းမှာ Tik Tokနဲ့ ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကို ဆိုင်းငံ့ပေးဖို့တောင်းဆိုခဲ့တယ်။ အထမြောက်ဟန်မတူခဲ့ပါ။ နောက်ပိုင်းမှာ Trump က လေသံနည်းနည်းပြောင်းသွားခဲ့တယ်။
“အချိန်ယူစဉ်းစားရ မယ်”ဆိုပြီး လေသံပြောင်းလာခဲ့တယ်။
နိုင်လိုမင်းထက်ဝါဒ
အမေရိကန်ရဲ့ပေါ်လစီကိုလေ့လာရင် Lukewarm ဆိုတဲ့ မီးစတစ်ဖက်ရေမှုတ် တစ်ဖက်ကိုတွေ့ရမှာဖြစ်သလို၊ အမြဲတမ်းကိုယ်အသာစီးရယူလိုတဲ့ နိုင်လိုမင်းထက်ဝါဒကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် မဟာမိတ်တွေဖြစ်တဲ့ အနောက်ဥရောပ၊ EU ၊ NATO တွေကတောင် အမေရိကန်ကိုအစေးမကပ်ကြတော့ပါဘူး။တရုတ်လိုပြိုင်ဘက်မျိုးနဲ့ဆိုရင် ပိုဝေးကြရပါပြီ။ အမေရိကန်ရဲ့ Trade မူဝါဒကိုလေ့လာရင် သုံးမျိုးပြောင်းသွားတာ တွေ့နိုင်ပါတယ်။
• Free Trade (US နည်းပညာအသာရချိန်)
• Fair Trade(US နည်းပညာစိန်ခေါ်ခံရချိန်)
• Protectionism(US နည်းပညာ မယှဉ်ပြိုင်နိုင်ချိန်)
ဒီနေ့အမေရိကန်ဟာ ကုန်ထုတ်လုပ်မှုနည်းပညာပိုင်းမှာ ထွန်းသစ်စ Emerging Countries တွေကို မယှဉ်နိုင်တော့ပါဘူး။ လုပ်အားခချိုသာမှုကလည်း ပြဿနာကြီးတစ်ရပ်ဖြစ်လာတဲ့အတွက်အမေရိကန်ဟာ ကုန်ထုတ်လုပ်မှုစရိတ်ကို လျှော့မချနိုင်တော့တာကြောင့် ကုန်သွယ်မှုမှာ ကုန်သွယ်လိုငွေအကြီးအကျယ်ပြနေခဲ့တာ ဆယ်စုနှစ်များစွာရှိနေခဲ့ပါတယ်။
Tik Tok မှာလဲ (ရောင်းမလား) (အပိတ်ခံမလား)ဆိုတဲ့ လမ်းနှစ်လမ်းဟာ နိုင်လိုမင်းထက်ဥပဒေဖြစ်လာပါတယ်။ ထရမ့်ဆီကို ဦးခိုက်ရသလို Elon Musk ကိုလဲ အမေရိကန်ယူနစ်အတွက် ရောင်းချဖို့ လျှို့ဝှက်စကား ပြောရ ပါတော့တယ်။ ထရမ့်ကလည်း လူလည်ကြီးဖြစ်လေတော့ Tik Tok ကို “အချိန်ယူ စဉ်းစားရမယ်”ဆိုတဲ့ စကားအလှပြန်ပြောပြီး Elon Musk ဝယ်သာအောင် အခွင့်အလမ်း ဖန်တီးလိုက်တာပါ။
ဘီလီယံနာကြီးတွေ ဖြစ်ကြတဲ့ Frank McCourt & Kevin O’Leary တို့က တစ်ချိန်က Tik Tok ကို $ 20 Billion နဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ မရောင်းဖြစ်ခဲ့ပါ။ သုံးစွဲသူတစ်ဟုန်ထိုးတိုးတက်လာပြီး အလား အလာကောင်းနေတဲ့အတွက်ကြောင့် မရောင်းခဲ့တာပါ။ ဒီတစ်ခါတော့ Yiming ရဲ့လည်ပင်းအညှစ်ခံလိုက်ရပါပြီ။ အလကားအဆုံးရှုံးခံမလား၊ ရောင်းမလားလို့ ဘိုင်ဒင်က စိန်ခေါ်သွားပြီး ထရမ့်အတွက် ချန်ထားလိုက်ပါပြီ။ တန်ဖိုးဖြတ်ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ Tik Tok ဟာ $ 40 – 50 Billion တန်ကြေးရှိသွားပြီလို့ဆိုတယ်။
“X’ နဲ့ “Meta” ကလည်း ပြိုင်ဘက်ပါ။ “X” နဲ့ “ Tik Tok ” ပေါင်းလိုက်ရင် Meta ကို ခေါင်းပုတ်လို့ရမှာဖြစ်နေတယ်။ “X”ဆိုတဲ့ပလက်ဖောင်း တစ်ခုတည်းနဲ့တင် အမေရိကန်နိုင်ငံရေးကို ဘယ် လိုကစားလို့ရသလဲဆိုတဲ့ အရသာကို တွေ့သွားပြီဖြစ်တဲ့ Elon Musk က Zuck ရဲ့ နတ်နေကိုင်း အထက်ကပိုမြင့်တဲ့ နတ်နေကိုင်းနေရာကို မစဉ်းစားပဲနေလိမ့်မယ်မဟုတ်ဘူးလို့ ခန့်မှန်းမိရပါတယ်။
#PAN