ကျွဲကောသီး ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများ

(ကျန်းမာရေး)ဖေဖော်ဝါရီ ၈

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကျွဲကော သီးကရတဲ့ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကော သီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်း မွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maxima ပဲ ဖြစ်ပါတယ်။

        နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက် အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအား ကောင်းစေပါတယ်။

       အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့အအပြင် အအေးမိ ဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။

       ဗီတာမင် အေ ပါဝင်မှုကတော့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ကျွဲကော သီးမှာ ဗီတာမင် အေ များများ ပါဝင်တာကြောင့် အရေ ပြားအတွက် သွေးလည်ပတ်မှု ရရှိစေပြီး မျက်ကွင်း ညိုတာတွေ လျှော့ချပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေကို လျှော့ချပေးနိုင်တဲ့ collagen လည်း ပါဝင်သေးတာမို့ နုပျိုစေမှာပါ။ ကျွဲကော သီး စားသုံးခြင်းဟာ အစက်အပျောက်တွေကို လျှော့ချပေးနိုင်သလို ဝက်ခြံတွေ မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ်။

       ကျွဲကောသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆီးလမ်း ကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။

       ကျွဲကောသီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ရင်သားကင်ဆာနဲ့ အူကင်ဆာတွေ ဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓါတ်ကတော့ အူမကြီး ကင်ဆာ မဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

      ကျွဲကောသီးမှာ အချဉ်ဓါတ်နဲ့ အမျှင်ဓါတ် များများပါဝင်တာဟာ အငြင်းပွားစရာ လိုမယ်တောင် မထင်ပါဘူး။ တစ်နေ့ကို အမျှင်ဓါတ်(၂၅%) ရရှိမှသာ အစာခြေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပြီး ဝမ်းချုပ်ခြင်းကင်းဝေးမှာပါ။ နောက်ပြီးတော့ ကျွဲကောသီး စားသုံးခြင်းဟာ အစားစားချင်စိတ်ကိုလည်း တိုးတက်စေပါသေးတယ်။

       အလုပ်တွေ ပင်ပန်းတဲ့အခါနဲ့ ကြွက်သားတွေ တောင့်တင်းအောင် အလုပ်လုပ်တဲ့အခါမှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ ကျွဲကောသီးလေး ကြိုတင်စားသုံးပေးဖို့ တိုက် တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကျွဲကောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ကြွက်သားတင်းမာမှုကို ပြေလျော့စေတာကြောင့်ပါ။

       ကျွဲကောသီး များများ စားပေးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကျွဲကောသီးဟာ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ခန္ဓါကိုယ်အလေးချိန် ကျစေတာကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဝတယ်လို့ ခံစားနေရရင်တော့ ကျွဲကောသီးလေး စားပေးပါ။ ကျွဲကောသီးမှာ ပိန်စေနိုင်တဲ့ အင်ဇိုင်းဓါတ်တွေ ပါဝင်ပါတယ်။

      ကျွဲကောသီး စားသင့်တဲ့ အကြောင်းပြချက်တွေကို သိရပြီဆိုတော့ အခုလို ကျွဲကောသီးပေါ်ချိန်မှာ မမေ့မလျော့စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
(Crd; Hello Sayarwon)

#PAN