ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့ အကျိုးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့


(ပြည်တွင်း) ဖေဖော်ဝါရီ ၇

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် က ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) (First Vice Minister) H.E. Mr. Kim Hong Kyun မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က ဆိုးလ်မြို့ရှိ Lotte Hotel မှာပြုလုပ်တဲ့ အလုပ်သဘော နေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုလိုတက်ရောက်လာတဲ့ အာဆီယံသံအမတ်ကြီးများ၏ ပါဝင်ဆွေးနွေးမှုများမှာ မြန်မာသံအမတ်ကြီး ဦးသန့်စင် က အာဆီယံနိုင်ငံများအနေဖြင့် KASI အောက်မှ အဓိကလိုအပ်လျက်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိစ္စရပ်များနှင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စ ရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အလုပ်သဘောနေ့လယ်စာစားပွဲမှာ ဒုတိယဝန်ကြီး (ပထမ)က ကိုရီးယားသမ္မတနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ မြှင့်တင်နိုင်ခဲ့ပြီဖြစ်၍ Korea-ASEAN Solidarity Initiative – KASI အောက်မှပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမယ့်ကိစ္စနှင့် အာဆီယံတစ်နိုင်ငံချင်းစီနှင့် ဆက်ဆံရေးတိုးမြှင့် သွားနိုင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN