PDF တွေက ၆လ အတွင်း အရပ်သားပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်း ၃၈၃ ကို သတ်ဖြတ်ခဲ့

(ပြည်တွင်း) ဖေဖော်ဝါရီ ၁

၆ လတာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကို ကြည့်မယ်ဆိုပါက အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရတယ်လို့ မနေ့ကပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြိးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒါအပြင် ပညာရေး/ကျန်းမာရေးနဲ့ လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးကိုလည်း အကြမ်းဖက်သမားတွေက ဖျက်ဆီးခြင်းခံခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ၊

အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အဲဒီအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေတာကိုတွေ့ရတယ်လို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။

၆ လတာကာလအတွင်း ကချင်ပြည်နယ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူတွေက PDF တွေနဲ့ပူးပေါင်းပြီး တရုတ် – မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို ကရင်ပြည်နယ်မှာ KNU အကြမ်းဖက်သောင်းကျန်းသူတွေက PDF တွေနဲ့ပူးပေါင်းပြီး ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသတွေ ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေက မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ဒေသတွေ၊  ချင်းပြည်နယ်မှာ CNF သောင်းကျန်းတွေက မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို PDF အကြမ်းဖက်တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ နစကရဲ့ပြောဆိုချက်မှာ ပါရှိပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)ကို မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကောင်စီဝင်တွေနဲ့ အထူးဖိတ်ကြားခံရသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#အရပ်သားသတ်ဖြတ်မှု #ကာလုံ #နစက #PAN