ပြည်သူ့စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးတောင်းခံခဲ့ကြသည့် မြို့နယ်မှူးနှင့် ထွေအုပ်စာရေး ၂ ဦးကို စတင် အရေးယူပြီ


(မှုခင်း) ဇန်နဝါရီ ၂၇

ပြည်သူ့စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးတောင်းခံခဲ့ကြသည့် ရွှေဘိုမြို့နယ်မှူးနှင့် ထွေအုပ်စာရေး ၂ ဦးကို စတင် အရေးယူနေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့် စာရင်းလိုက်လံစစ်ဆေးခဲ့ကြစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄) နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထား ခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြကြောင်းသိရသည်။

ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက် က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ယ

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာ ပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သတင်းထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN