(ပြည်တွင်) ဇန်နဝါရီ ၂၁
မြန်မာ့ရိုးရာအတာသင်္ကြန်နည်းတူ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး မတ်လ ၃၁ ရက်နေ့ မတိုင်မီ တင်သွင်းရန်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာ့သနပ်ခါးဟာ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုတာဖြစ်ပြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ စံနှုန်း ၅ ချက်နှင့် ကိုက်ညီမှုရှိတဲ့အတွက် အမည်စာရင်းဝင်နိုင်ရေးကို ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
သနပ်ခါးကို ပုဂံခေတ် အေဒီ ၁၁ ရာစုကုန်ခါနီးတွင် ကျန်စစ်မင်း၏သားတော် ရာဇကုမာရ်မင်းသား လှူဒါန်းခဲ့တဲ့ ဂူပြောက်ကြီးဘုရားမှာ သနပ်ခါးသွေးနေသည့် နံရံဆေးရေးပန်းချီများကို အစောဆုံးတွေ့ရှိခဲ့ရတဲ့အတွက် အဆိုပါ ကာလမတိုင်ခင် အနော်ရထာမင်းလက်ထက်ကတည်းက သနပ်ခါးကိုသုံးစွဲခဲ့သည်ဟု သုံးသပ်၍ရကြောင်း အဆိုပါ ဌာနမှ သိရပါတယ်။
လက်ရှိမှာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ သနပ်ခါး အပါအဝင် နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်စေရန် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းကာကွယ်မြှင့်တင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုနဲ့ စာရင်းများ ကောက်ယူနေပြီး လက်ရှိအချိန်အထိ ကောက်ယူရရှိတဲ့ စာရင်းများအရ မြန်မာနိုင်ငံအတွင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂,၅ဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို UNESCO ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews