စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း


(စီးပွားရေး) ဇန်နဝါရီ ၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကနေ ၁၉ ရက်အထိရောင်းချရမယ့် စားအုန်းဆီတစ်ပိဿာရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ငွေကျပ် ၇၂၈၀ ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၆ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇,၂၅၅ ကျပ်ဖြစ်တာကြောင့် ၂၅ ကျပ် ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN