ဖိလစ်ပိုင်နှင့်အမေရိကန်တို့က တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်


(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲဆောင်ရွက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန် သည်။

နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။

ယခုလုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ဖိလစ်ပိုင် နှင့် အမေရိကန်တို့ကြား ယခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင် သည့် ၂၀၂၃ ခုနှစ်မှစ၍ ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ လက်ထက်တွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး အမေရိကန်တပ်များအား ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ကိုပါ ပေးအပ်ထားသည်။

အဆိုပါ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ Carl Vinson လေယာဉ်တင်သင်္ဘောပါဝင်သည့် တိုက်ခိုက်ရေးအဖွဲ့၊ ဒုံးကျည် ဖျက် သင်္ဘောနှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet စစ်လေယာဉ်တစ်စင်း ပါဝင်သည်။

ထို့ပြင်အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် စစ်ဆင်နိုင် မှုတို့ကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် က ပြောထားကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN