ရှမ်းပြည်နယ်အတွင်းမှ ရေဘေးသင့်ခဲ့သည့် အာမခံလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပေးအပ်


(ပြည်တွင်း) ဇန်နဝါရီ ၁၉

ရေဘေးသင့်အာမခံလုပ်သားများအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြု ထုတ်ပေးခြင်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုစုပေါင်းခန်းမ၌ ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် က တိုင်ဖွန်းမုန်တိုင်း(ရာဂိ)ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီး ဆုံးရှုံးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ကြောင်း၊ ဝန်ကြီးဌာန များမှ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန ၇၀၀ ကျော်တွင် အာမခံအလုပ်သမား ၁၀,၀၀၀ ကျော်ရှိသည့်အနက် အလုပ်ဌာန ၄၀ မှ ရေဘေးသင့်အာမခံ အလုပ်သမား ၂၃၀ ကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် ၂၀ ဒသမ ၆၈ သန်း၊ အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ် ၁၀ ဒသမ ၂၈ သန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၃ ဒသမ ၇၅ သန်းတို့ကို ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက အလုပ်သမား ၂၃၀ အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအား ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်ကိုယ်စားလှယ် များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN