နိုင်ငံရေးမဟာဗျူဟာနဲ့စစ်ရေးနည်းဗျူဟာ ထိပ်တိုက်တိုးမိချိန်

(ဆောင်းပါးကဏ္ဍ) ဇန်နဝါရီ ၁၉
နေဇင်လတ်

       ဒုတိယကမ္ဘာစစ်အပြီး တီထွင်ကြံဆမှု အား ကောင်းတဲ့အတွက် အရာရာမှာ ထိပ်တန်းရောက်ခဲ့သောကြောင့် အမေရိကန်ဟာ ကမ္ဘာ့နံပါတ်တစ် စူပါ ပါဝါနိုင်ငံဖြစ်ခဲ့ရတယ်။ ၁၉၄၅ – ၁၉၉ဝ ပြည့် နှစ်ဝန်းကျင်ဟာ အမေရိကန် ဘုန်းမီးနေလတောက်ပချိန်လို့ သတ်မှတ်ရင် ရလိမ့်မယ်။ သမ္မတထရူးမင်း၊ အိုက်စင်ဟောင်ဝါတို့ သမ္မတရော်နယ်ရီဂင်အထိ အမေရိကန်အစိုးရတွေရဲ့ မဟာဗျူဟာ၊ မူဝါဒတွေ အားအလွန်ကောင်းခဲ့တယ်။ တစ်ကမ္ဘာလုံးကို မော်မကြည့်နိုင်အောင်လဲချုပ်ကိုင်ထားနိုင်ခဲ့တယ်။ နိုင်ငံရေး၊
စီးပွားရေး၊ စစ်ရေးမျက်နှာစာအားလုံးမှာ ဘယ်သူကမှ မယှဉ်နိုင်ခဲ့ဘူး။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁ဝ မှာ အမေရိကန်တစ်နိုင်ငံထဲက တစ်ဝက်လောက် ပါဝင်နေတဲ့စံချိန်မျိုးလဲ တင်နိုင်ခဲ့တယ်။

       ယနေ့ပြန်ပြီး အသုံးပြုနေကြတဲ့ ရုရှား၊ တရုတ်တို့ရဲ့မဟာဗျူဟာတွေဟာ အမေရိကန်အသုံးပြုခဲ့တဲ့ မဟာဗျူဟာတွေရဲ့ အခြေခံကိုယူပြီး ပြန်လည်မွမ်းမံ သုံးစွဲနေတာပဲ ဖြစ်ပါတယ်။ Ronald Reagen လက်ထက်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတယ်။ Bush(Sr) လက်ထက်ကစပြီး အမေရိကန်ဟာ ယှဉ်ပြိုင်ဘက်မဲ့ ဖြစ်လာတယ်။ အဲဒီနောက်ပိုင်း အောက်ခြေလွတ်၊ထင်ရာစိုင်းခဲ့တဲ့အတွက် အမေရိကန်ပြန်လည်ကျဆုံးလာခဲ့ရတာဖြစ်ပါတယ်။

ယူကရိမ်းစစ်မှာ မြင်သာထင်သာလာခဲ့

       သမ္မတ Reagan နောက်ပိုင်း အမေရိကန်တွေရဲ့ မဟာဗျူဟာတွေဟာ လက်တွေ့နဲ့ အတော်ကင်းကွာနေတာ တွေ့ရတယ်။ ရလဒ်အခြေပြုထက်“အပြကောင်း”​မဟာဗျူဟာတွေနဲ့ အချိန်တွေ ကုန်လွန်စေခဲ့တာကိုသာ တွေ့ရတယ်။ စစ်ရေးဘက်မှာ ရုရှားက တဖြည်းဖြည်းတိုးတက်လာပြီး စီးပွားရေးမှာ တရုတ်ရဲ့ စိန်ခေါ်မှုကိုခံရတဲ့ အခြေအနေမျိုးအထိ ကျဆင်းလာခဲ့တယ်။ အမေရိကန်အနေနဲ့ စစ်အေးကာလမှာ ဆိုဗီယက်ယူနီယံ
ဆိုတဲ့ ပြိုင်ဘက်တစ်ဦးသာရှိခဲ့ပေမဲ့ ၂ဝဝဝ ပြည့်နှစ်လွန်တွေမှာ ပြိုင်ဘက်က နှစ်ဦးဖြစ်လာရပါတော့တယ်။

       အမေရိကန်အနေနဲ့ ပြိုင်ဘက်နှစ်ဦးကို တစ်ချိန်တည်းထိပ်တိုက် မတွေ့သင့်ပါဘူး။ စစ်ရေးပြိုင်ဘက်ကို အရင်ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ်လိုက်ဟန်ရှိတယ်။ ဒါနဲ့ပဲ ယူကရိမ်းစစ်ဖြစ်လာရတော့တယ်။ ယူကရိမ်းစစ်မှာ အမေရိကန်ရဲ့ဗျူဟာက ရုရှားကို စစ်နွံနစ်ပြီး ချည်နဲ့အားနည်းစေလိုက်ပြီးမှ တရုတ်ကို ဒုတိယအဆင့်မှာ စီးပွားရေးစစ်နဲ့ ရင်ဆိုင်မယ်ဆိုတဲ့ အစီအစဉ်ဖြစ်ကောင်းပါလိမ့်မယ်။ (ထရမ့်ပထမသက်တမ်းမှာ တရုတ် – အမေရိကန် ကုန်သွယ်စစ်ဖြစ်ခဲ့ပြီး။)

      ရုရှားကိုဖြိုရာမှာ-
       – တတိယကမ္ဘာစစ်အထိ မကူးစက်အောင်
         စစ်နယ်မြေရွေးချယ်
       – ရုရှားကို NATO အုပ်စုနဲ့ဝိုင်းတိုက်
       – စစ်စရိတ်ထောင်းပြီး ရုရှားချည်နဲ့၊ ကံအဖေး
         အမ ရှိခဲ့ရင် ပူတင်အစိုးရ ပြောင်းနိုင်

       မဟာဗျူဟာကောင်းပေမဲ့ ကံအဖေးအမက မကောင်းခဲ့တာ တွေ့ရတယ်။ စွမ်းအင်နဲ အစား အသောက်ကိုင်ထားတဲ့ ရုရှားက ဆက်လက်ရှင်သန်နိုင်တာကို တွေ့ရတယ်။ တရုတ်၊ အီရန်၊ မြောက်
ကိုရီးယားတွေနဲ့စည်းလုံးသွားတာတွေ့ရတယ်။ စွမ်းအင်၊ အစားအသောက်တွေက ဝင်ငွေပိုရလာတာက ရုရှားအတွက် စစ်စရိတ်ဖြစ်လာခဲ့တယ်။

       စစ်မြေပြင်မှာလဲ ရုရှားရဲ့ တိုက်စွမ်းရည်နဲ့ သာလွန်လက်နက်တွေက မျက်နှာသာပေးပြီး ယူကရိမ်းနယ်မြေ ရာခိုင်နှုန်း ၂ဝ ကို ရုရှားတွေထိန်းချုပ်နိုင်ခဲ့တယ်။ “နိုင်ငံရေးဗျူဟာနဲ့ စစ်ရေးနည်းပညာထိပ်တိုက်တွေ့တဲ့ပွဲ”လို့ ပြောရလိမ့်မယ်။ စီးပွားရေးအင်အား တောင့်တဲ့နိုင်ငံတွေရဲ့ အစုအပေါင်း နိုင်ငံရေးဗျူဟာကိုတုံ့ပြန်နိုင်ဖို့ ရုရှားရဲ့ အနိုင်ဖဲတစ်ချပ်ကတော့ စစ်ရေး နည်းပညာအကဲသာလွန်မှုပါပဲ။ ရုရှားရဲ့ ဟိုက်ပါ
ဆောနစ်နည်းပညာတွေက အမေရိကန်လက်နက်တွေထက် သာလွန်နေပါတယ်လို့ Pentagonက ထရမ့်သမ္မတကာလမှာ သတိပေးမှုတွေရှိခဲ့တယ်။ လက်တွေ့ယူကရိမ်း စစ်မှာလဲ အမေရိကန်ရဲ့ ATACMS, Scalp, Storm Shadow တွေကို ရုရှားက Oreshnik မစ်ဇိုင်းနဲ့ တုံ့ပြန်ခဲ့ရာမှာ အားလုံးက အံ့သြသွားခဲ့ကြတယ်။ Oreshnik ကို ဘယ်နိုင်ငံရဲ့ နည်းပညာနဲ့မှ ပစ်မချနိုင်တဲ့အပြင် အဲ့ဒီ မစ်ဇိုင်းမျိုးကို ဘယ်နိုင်ငံကမှလဲ တီထွင်
နိုင်မှာမဟုတ်ဘူးလို့ ရုရှားက ရဲရဲပြောခဲ့တဲ့အထိ အစွမ်းထက်ခဲ့တာ တွေ့ရတယ်။

       တစ်ချိန်က လက်နက်နဲ့နည်းပညာမှာ ရှေ့ဆုံးရောက်ခဲ့တဲ့အမေရိကန်ဟာ ၂၀၂၄ ယူကရိမ်းစစ်ပွဲမှာ ပြိုင်ဘက်ရုရှားက နှာတစ်ဖျားထက်မက သာလွန်သွားတာကို တွေ့လိုက်ရပါတယ်။ နိုင်ငံရေးမဟာဗျူဟာကို စစ်လက်နက်နည်းပညာနဲ့ ဗျူဟာက ရိုက်ချိုးပစ်နိုင်ပါလားဆိုတာကို သတိထားမိသွားပါတော့တယ်။

မဟာဗျူဟာ အစဉ်တန်း

       ဗျူဟာဆိုတာကတော့ ဗျူဟာပါပဲ။ တစ်ခုချင်း မဟာဗျူဟာနဲ့ အရာအားလုံးကိုခြုံငုံရေးဆွဲထားတဲ့ String of Strategies မဟာဗျူဟာအစဉ်တန်းဆိုတာရှိတယ်။ ဥပမာ – ၂၀၀၀ ပြည့်နှစ်လောက် ၉-၁၁ အပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ String of Strategies မှာ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယား၊ အီရန်စတဲ့ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပြည်တွင်းစစ်ဖြစ်အောင် လုပ်ဆောင်ခဲ့တာဟာ အမေရိကန်တွေရဲ့ “မဟာဗျူဟာ အစဉ်တန်းအရ ဖြစ်ပါတယ်။ အမေရိကန်ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးက အရှေ့အလယ်ပိုင်းထဲက နိုင်ငံခုနစ်ခုကို ခွဲထုတ်ဖို့ စီစဉ်ခဲ့ကြောင်း ထုတ် ဖော်ပြောဆိုခဲ့ဖူးတယ်။

       အစ္စရေး-ဟားမက်စစ်ဖြစ်တယ်။ ဂါဇာမှာ ဟားမက်တွေပြိုကွဲသွားလုနီးနီးအထိ အစ္စရေးကနှိမ်နင်းလိုက်နိုင်တယ်။ UNSC ကတောင် အသံထွက်လာရတဲ့အထိ ဖြစ်လာတယ်။ အစ္စရေးက ဂရုမစိုက်ခဲ့ဘူး။ ဂါဇာပြီးတော့ လက်ဘနွန်နဲ့ အစ္စရေးစစ်တပ်ဖြစ်ပြန်တယ်။လက်ဘနွန်မှာ အီရန်ထောက်ပံ့ထားတဲ့ ဟဇ်ဘိုလာတွေရှိနေတယ်။ Hezbollah တွေက Hamasတွေထက် အင်အားက ဆယ်ဆမကအားကြီးတယ်။ ခေတ်မီ လက်နက်တွေ တပ်ဆင်ထားတယ်။ ဟဇ်ဘိုလာနဲ့ စစ်မှာ Hamas တွေလောက် မလွယ်ကူတော့ဘူး။ ဟဇ်တိုလာတွေ အထိနာတယ်ဆိုပေမဲ့ တုံ့ပြန်တိုက်ခိုက်လာနိုင်တာ တွေ့ရတယ်။ နေတန်ယာဟု နေအိမ်အထိ ဟဇ်တွေရဲ့ ဒရုန်းကလာမှန်တယ်။

        လက်ဘနွန်စစ်မှာ ဟဇ်ဘိုလာတွေ လုံးဝအထိနာတဲ့ အဆင့်အထိတော့ဖြစ်မ သွားခဲ့သေးပါဘူး။ ၂ဝ၂၄ နိုဝင်ဘာ ၂၇ ရက်မှာ အပစ်ရပ်ဖို့သဘောတူလိုက် ကြတယ်။ ထိုနိုဝင်ဘာ ၂၇ ရက်မှာပဲ ဆီးရီးယားသူပုန်ပေါင်းစုံတော်လှန်ရေး စတင်လိုက်တာတွေ့ရတယ်။ တိုက်ဆိုင်တာ လုံးဝ မဟုတ်နိုင်ပါ။ ဆယ်ရက်အတွင်း အာဆတ်ထွက်ပြေးရတဲ့အဆင့်အထိ လွယ်လွယ်ကူကူဖြစ်သွားခဲ့တာတွေ့ရတယ်။ ၂ဝ၂၄ မှာ နိုဝင်ဘာ ၂၇
ရက်မှာ “ဝုန်း”ကနဲ စတင်တော်လှန်လိုက်တဲ့ စစ်မှာ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာရက်ရောက်တော့ မြို့တော်အမားစကပ်ကို သူပုန် HTS တွေသိမ်းပိုက်နိုင်တဲ့ အခြေ အနေ ဖြစ်ခဲ့တယ်။စုစုပေါင်း ဆီးရီးယားစစ်ဟာ ၁၂ ရက်လောက်ပဲ ကြာခဲ့လိုက်ပါတယ်။

        ၂၀၁၁ လောက်က စစ်စဖြစ်ခဲ့တဲ့ ဆီးရီးယားဟာ ၂၀၂၄ အထိ ၁၃ နှစ် ကြာတောင့်ခံနိုင်ခဲ့ပြီး ဘာကြောင့် အခုအချိန်ကြာမှ ၁၂ ရက်သာ ကြာခဲ့ရပါသလဲ၊ အကြောင်းတွေ ရှိနေပါတယ်။ ခွဲခြမ်း စိတ်ဖြာလိုက်မယ်ဆိုရင်
        – ယူကရိမ်းစစ်မှာ ရုရှားက ATA- CMS စ
          တဲ့ တာဝေးပစ်တွေနဲ့ ဖိထားတယ်။
        – အီရန်ကို စစ်တိုက်မယ်တကဲကဲနဲ့ အလုပ်
            ရှုပ်အောင်လုပ်ထားတယ်။
         – ဟဇ်ဘိုလာတွေကို ဦးနှိမ်ထားတယ်။

         ဆီးရီးယားကို အဓိကအကူအညီ ပေးနေတာကအီရန်ပါ။ ဒုတိယက ရုရှားဖြစ်ပါတယ်။ ရုရှားမှာက အစွမ်းထက်လက်နက်ကောင်းတွေ ရှိထားတယ်။ ဒမားစကပ်အနားကို ရန်သူတွေကပ်လာတဲ့အချိန် ၂၀၁၄ လောက်မှာ ရုရှားရဲ့ S-400 အစွမ်းကြောင့် အာဆတ် ဆက်ပြီး ရှင်သန်သွားနိုင်ခဲ့တာပါ။

#PAN