(ကျန်းမာရေး)ဇန်နဝါရီ ၁၈
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သွေးပျစ်ခြင်းအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ ၃ ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosity ဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာဖြစ်နေတာလဲဆိုတာကို သေချာမေးဖို့ လိုပါတယ်။
အခု ဖော်ပြမှာကတော့ Hyperviscosity ဆိုတဲ့ ရောဂါ ဖြစ်ပါတယ်။
သွေးပျစ်ခြင်း ပြဿနာ ဘာကြောင့်ဖြစ်ရတာလဲ
သွေးပျစ်တာက ကလေးငယ်လေးတွေမှာ ဖြစ်နိုင်သလို လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မွေးစကလေးငယ်လေးတွေမှာဆိုရင် –
• ဒေါင်းရောဂါလို မျိုးဗီဇရောဂါတွေ
• အမေမှာ ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ ကလေးငယ်တွေ
• မျိုးရိုးလိုက်ရောဂါရှိသူတွေ
• ချက်ကြိုးဖြတ်တာ နောက်ကျလွန်းတာတွေ
• အမြွာကိုယ်ဝန်တွေမှာ အမေ့ဗိုက်ထဲမှာ သွေးရရှိမှု မမျှတတာတွေကြောင့် ဖြစ်တတ်ပြီး
လူကြီးတွေမှာဆိုရင်တော့ အဖြစ်အများဆုံးက Waldenstrom macroglobulinemia လို့ခေါ်တဲ့ သွေးကင်ဆာတစ်မျိုးကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းတွေကတော့ –
• သွေးကင်ဆာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ
• အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ
• Cryoglobulinemia လို့ခေါ်တဲ့ သွေးကြောတွေကို ရောင်ရမ်းစေတဲ့ ရောဂါတစ်မျိုး
• သွေးဥမွှားတွေ အလွန်များတဲ့ ရောဂါဖြစ်တဲ့ Essential thrombocythemia
• Polycythemia vera လို့ခေါ်တဲ့ သွေးနီဥများတဲ့ရောဂါ
• Sjögren’s syndrome လို့ခေါ်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ရောဂါ
• တစ်ရှူးတွေမှာ အောက်ဆီဂျင်ကောင်းကောင်းမရတာ ကြာတဲ့အခါ စတဲ့ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။
သွေးပျစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ
များသောအားဖြင့်တော့ ခဏခဏ ခေါင်းကိုက်တာ၊ တက်တာ၊ အသားရောင် နီမြန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရင်ဘတ်အောင့်တာ၊ လမ်းလျှောက်ရခက်တာ၊ အကြားအာရုံပြဿနာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာလိုမျိုး သွေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တာ၊ မောတာ၊ ချာချာလည်အောင်မူးတာ၊ အမြင်အာရုံပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေက တခြားရောဂါတွေမှာလည်း ဖြစ်နိုင်သလို ဘာရောဂါမှ မယ်မယ်ရရ မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီထဲက လက္ခဏာတွေ တော်တော်များများရှိနေရင်၊ အပေါ်မှာ ပြောထားတဲ့ ရောဂါအခံတွေ ကိုယ့်မှာရှိနေရင်တော့ သတိထားသင့်ပါတယ်။
သွေးပျစ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ
သွေးပျစ်တဲ့အတွက် ခန္ဓာကိုယ်က သွေးကောင်းကောင်းမရတဲ့နေရာတိုင်းမှာ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်ကို သွေးကောင်းကောင်း မရရင် လေဖြတ်တာ၊ ကျောက်ကပ်မှာ သွေးကောင်းကောင်းမရရင် ကျောက်ကပ်ပျက်တာ၊ အူကို သွေးမရောက်ရင် အူပုပ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
သွေးပျစ်ခြင်း ရှိမရှိကို ဘယ်လိုသိနိုင်မလဲ
သွေးပျစ်ခြင်း ရှိမရှိ သေချာစေဖို့၊ နောက် ဆက်တွဲပြဿနာတွေကို သိရှိဖို့ အောက်ပါတို့ကို စစ်ဆေးဖို့ လိုနိုင်ပါတယ်။ ဒါတွေကတော့ အကြမ်းဖျင်းပဲဖြစ်ပြီး လူနာအခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
• Arterial blood gas test – သွေးတွင်းရှိ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို တိုင်းတာခြင်း
• သွေးတွင်းရှိ အဝါဓာတ် Bilirubin ဓာတ်ကို စစ်ဆေးခြင်း
• သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း
• သွေးဆဲလ်များ အပြည့်အစုံ စစ်ဆေးခြင်း
• ကျောက်ကပ်ဓာတ် Creatinine စစ်ဆေးခြင်း
• အသည်းအတွက် စစ်ဆေးခြင်း
• သွေးပျစ်မှု တိုင်းတာခြင်း
• ပရိုတင်းများ စစ်ဆေးခြင်းစတာတွေကို စစ်ရနိုင်ပါတယ်။
သွေးပျစ်ခြင်းကို ဘယ်လိုကုသနိုင်သလဲ
သွေးပျစ်ခြင်းကို ကုသဖို့ဆိုတာ သူ့ကို ဖြစ်စေတဲ့ အပေါ်က ရောဂါတွေကို ကုသမှ ရမှာပါ။ သွေးပျစ်တဲ့လက္ခဏာကို သက်သာစေဖို့ကတော့ အကြောဆေးသွင်းပြီး သွေးကိုကျဲအောင် လုပ်လို့ရပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပြီး ကျဲအောင်လုပ်တဲ့သဘောပါပဲ။ သိပ်ဆိုးလွန်းရင်တော့ –
• Partial exchange transfusion- ပျစ်နေတဲ့ သွေးပမာဏအနည်းငယ်ကို ဖယ်ထုတ်ပြီး ရေဓာတ် (Saline) ပြန်သွင်းလိုက်တာ ဖြစ်ပါတယ်။
• Plasmapheresis- ပျစ်နေတဲ့ သွေးပမာဏအနည်းငယ်ကို ဖယ်ပြီး သွေးရည်ကြည်ပြန်သွင်းပေးတာ ဖြစ်ပါတယ်။
သွေးပျစ်ခြင်းကို ကာကွယ်လို့ ရနိုင်သလား
သွေးပျစ်ခြင်းကို ဖြစ်စေတဲ့ ရောဂါတွေက သွေးကင်ဆာလို၊ အရေပြားလေးဖက်နာလို ရောဂါတွေ ဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်က အကြောင်းအရင်းအတိအကျ မရှိတဲ့ ရောဂါတွေ ဖြစ်တာကြောင့် ကာကွယ်လို့ မရဘူးပဲ ပြောရမှာပါ။ မွေးစကလေးငယ်တွေမှာ ဖြစ်တဲ့ သွေးပျစ်ခြင်းအတွက်ကတော့ –
• ကိုယ်ဝန်ဆောင်ချိန်မှာ မျိုးဗီဇစစ်ဆေးပြီး ဖြစ်နိုင်ခြေကို တွက်ဆနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ အစားအသောက် အနေအထိုင် ဂရုစိုက်ဖို့ လိုပါတယ်။
• ကိုယ်ဝန်အပ်ပြီး ပုံမှန်ပြသဖို့ လိုပါတယ်။
ဒါဆိုရင်တော့ မွေးလာမယ့် ကလေးမှာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(Crd: Hello Sayarwon)
#PAN