လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့အား ဓါးဖြင့်ဝင်ခုတ်သူ အမျိုးသား သေနတ်ထိမှန်သေဆုံး

(မှုခင်း)ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့အား ဓါးဖြင့်ဝင်ခုတ်သူ အမည်မသိ အမျိုးသားအား ရဲတပ်ဖွဲ့ဝင်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ထိမှန်သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီခွဲအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ၊သက်သေများနှင့်အတူ နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်နေစဥ် ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊၅၉(B)× ၆၀ လမ်းကြား၊၁၂၅ လမ်း၌ အရောက်တွင် ၁၂၅ လမ်းအတိုင်း အနောက်မှအရှေ့သို့ အမည်မသိ အမျိုးသား ၂ဦး မောင်းနှင်လာသည့် CZI အမျိုးအစား၊နက်/ခဲရောင် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရှေ့မှမောင်းနှင်လာသည့် အမျိုးသားမှာ ဆိုင်ကယ်အား ထား၍ ထွက်ပြေးသွားပြီး နောက်ထိုင်လိုက်ပါလာသည့် အမျိုးသားမှ ၎င်းကိုင်ဆောင်လာသည့် အရိုးအသွား ၂၂လက်မခန့်ရှိ ဓါးရှည်ဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်သက်သေများအား ဝင်ရောက်ခုတ်ပိုင်းသောကြောင့် ရဲတပ်သား တက်တိုးအောင်မှ အသင့်ကိုင်ဆောင်ထားသော BA-63 သေနတ်ဖြင့် ၁ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားမှာ ယာဝမ်းဗိုက်သို့ထိမှန်ပြီး သေဆုံးသွားကြောင်း၊ အလောင်းအား လောကပါလ လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည့်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN #ပြည်ကြီးတံခွန်မြို့နယ် #ဓါးဖြင့်ဝင်ခုတ်သူ #ခြောက်လှန့်ပစ်ခတ် #ရဲတပ်ဖွဲ့ဝင်