“မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး”

(နိုင်ငံတကာ) ဇန်နဝါရီ ၁၆

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane (မစ္စတာ သောင်ဆာဗတ် ဖွန်ဘီဟန်) တို့ ဆွေးနွေးခဲ့ကြပါတယ်။

လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်နဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။

တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာ-လာအိုနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားအစည်းအဝေးများ ပုံမှန်ပြန်လည် ကျင်းပသွားရေးနှင့် ဆက်လက်၍ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများမှာ နှစ်နိုင်ငံကြား ခိုင်မာစွာ အပြန်အလှန်ထောက်ခံရပ်တည်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

#PAN #မြန်မာလာအို #အကျိုးတူပူးပေါင်းဆောင်ရွက်မှု