“ပြည်ပကုမ္ပဏီ ၅၃ ခုအပါအဝင် ကုမ္ပဏီစုစုပေါင်း ၁၇၄ ခုကို အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထား”

(ပြည်တွင်း) ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ် ကုမ္ပဏီ ၉ ခု၊ စုစုပေါင်း ၁၇၄ ခုရှိတို့ကို အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကနေ သိရပါတယ်။

အဆိုပါအစည်းအဝေးကို နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ဇန်နဝါရီလ ၁၃ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၁၇၄ ခုတို့မှာ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခု ရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂,၃၀၀ နှင့် ကျေးရွာပေါင်း ၂၇,၀၀၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းသို့ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း ထုတ်ချေးပေးထားပါတယ်။

 အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများအနေနဲ့ ဝင်ငွေနည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေနဲ့ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက် ပေးရာမှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် MSME လုပ်ငန်း ကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများထုတ်ချေးပေးထားကြောင်း၊ ကော်မတီအနေနဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများကို ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Services များအသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိလည်း ရှိပါတယ်။

အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်း ကုမ္ပဏီ သုံးခု၊ မတည်ငွေရင်း တိုးမြှင့်ခွင့်ပြုတဲ့ ကုမ္ပဏီလေးခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ်ခွင့်ပြုမှုသုံးခု၊ နယ်မြေတိုးချဲ့တဲ့ ကုမ္ပဏီသုံးခုတို့ကို ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

#PAN #ပြည်ပကုမ္ပဏီ #အသေးစားငွေရေးကြေးရေးလုပ်ငန်း