(နိုင်ငံတကာ)ဇန်နဝါရီ ၁၅
ဥရောပသမဂ္ဂအဖွဲ့သည် တရုတ်နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုတွင် ယုံကြည်အားထားနိုင်သည့် လုပ်ဖော် ကိုင်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အနေဖြင့် တစ်ဦးအပေါ်တစ်ဦးလေးစားပြီး တန်းတူ ညီမျှဆက်ဆံ၍ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသရွေ့ နှစ်နိုင်ငံစလုံးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး အပြန်အလှန် အကျိုးကျေးဇူးများကိုပါ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော့စတာနှင့် တယ်လီဖုန်းမှတစ်ဆင့် ပြောကြားစဉ် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် အပြန်အလှန် ယုံကြည်မှုတို့ကို တိုးမြှင့်ရန်လုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖျင် က ဆက်လက်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းအေဂျင်စီက ထုတ်ပြန်သည်။
ဥရောပသမဂ္ဂအဖွဲ့က တရုတ်နိုင်ငံမှ တင်သွင်းလာမည့် လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်မှုကြောင့် နှစ်ဦးနှစ်ဖက်ကြား တင်းမာနေစဉ် ခေါင်းဆောင် နှစ်ဦးကြား အဆိုပါ ဖုန်းပြောဆိုမှုထွက်ပေါ်လာခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN #ဥရောပသမဂ္ဂ #တရုတ်လျှပ်စစ်ကား #အခွန်တိုးကောက်