“အွန်လိုင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျှောက်ထားသူ တစ်သောင်းကျော်ရှိ”

(စီးပွားရေး)ဇန်နဝါရီ ၁၅

အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုအနေနဲ့ လျှောက်ထားသူ တစ်သောင်းကျော် ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုစတင်တဲ့ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်ကနေ အခုအချိန်အထိ မှတ်ပုံတင်နိုင်ဖို့ လျှောက်ထားတဲ့အထဲမှာ ကုမ္ပဏီအနေနဲ့ တစ်ထောင့်သုံးရာနီးပါးနဲ့ တစ်ဦးချင်းလုပ်ငန်းရှင်အနေနဲ့ ကိုးထောင်ကျော် ပါရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းစီးပွားရေးကို တရားဝင်မှတ်ပုံတင်တာကြောင့် စားသုံးသူတွေရော လုပ်ငန်းရှင်တွေအနေနဲ့ပါ တာဝန် ယူမှု တာဝန်ခံမှုတွေ ပိုမိုရှိလာမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန က လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။

 အခုလျှောက်ထားလာတဲ့ လုပ်ငန်းတွေကို ဇန်နဝါရီလ ၁ ရက်ကနေစတင်ပြီး မြေပြင်မှာ အချက်အလက် တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်နေသလို ပြည့်စုံမှန်ကန်တဲ့လုပ်ငန်းတွေကို မှတ်ပုံတင်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းဆောင်ရွက်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

#PAN #အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်း #အရေးကြီးဝန်ဆောင်မှု #မှတ်ပုံတင်လက်မှတ်