မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်သွားမည်

(ပြည်တွင်း) ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်ကြောင်း အဆိုပါဆင်စခန်း တာဝန်ခံထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အစိမ်းရောင် စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားပြီး ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိမ်တည်းခိုနားနေနိုင်ကြောင်း၊ ဆင်စခန်းတွင် ဆင်ထီး (၅)ကောင်၊ ဆင်မ (၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် (၄)လုံးနှင့် ဘန်ဂလို (၁၁)လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီး သတ်မှတ်ထားကြောင်း၊ ထို့အပြင် ဆင်စာဘူဖေးကို မိမိတို့ တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူကျွေးမွေး လှူဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အပါအဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

#PAN #မန်းရွှေစက်တော် #မင်းဘူး(စကု)မြို့နယ် #ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း