“(၇၃) ကြိမ်မြောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”

(ပြည်တွင်း)ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိတဲ့အတိုင်း ၂၀၂၅ ခုနှစ်မှာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၇ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ကျင်းပရာတွင် ဖေဖော်ဝါရီလ ၄ ရက် (တပို့တွဲလဆန်း ၇ ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် (တပို့တွဲလဆန်း ၈ ရက်နှင့် ၉ ရက်) နံနက် ၇ နာရီမှာတော့ ထမနဲထိုးပွဲများ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီလ ၉ ရက်၊ နံနက်ပိုင်းမှာ မြတ်စွာဘုရားကို ရည်မှန်းပြီး ဆွမ်းတော်ကြီးကပ်လှူပူဇော် ခြင်း၊ နံနက် ၈ နာရီမှာ စေတီတော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် ဆရာတော်ကြီးများ ဦးဆောင်သော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်းများ ကျင်းပမှာဖြစ်ပါတယ်။

ဆက်လက်ပြီး နံနက် ၉ နာရီမှာ မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် ၄၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသွားမှာဖြစ်ပါတယ်။

 လှူဒါန်းလိုသူများအနေနဲ့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဖုန်း ဝ၉-၄၂၅ဝ၁၂၅၂၁၊ ၀၉-၉၇၉၆၃၀၉၂၅၊ ၀၉-၇၉၉၃ဝ၉၄၉၉ တို့ထံ ဆက်သွယ်ကာ မိမိတို့တတ်စွမ်း သမျှ ထမနဲဆွမ်းအလှူ၊ ဆွမ်းတော်ကြီးအလှူများ၊ ဆွမ်းဆန်စိမ်းအလှူနှင့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာအလှူများ ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ပါတယ်လို့ သိရပါတယ်။

#PAN #ကမ္ဘာအေးကုန်းမြေ #ဗုဒ္ဓပူဇနိယပွဲတော်